Thursday, December 31, 2009

သက်စောင့်ဂါထာ

 
သက်စောင့်ဂါထာ

အမေ ဆိုတဲ့ မန္တရားဟာ
စိတ်ဝိဉာဉ်ကို လုံခြုံစေတယ်

ခုန်နေသော နှလုံးသားတိုင်းမှာ
အရင်းနှီးဆုံးဘာသာနဲ့
အမေ ဆိုတဲ့စာသား ထိုးထားတယ်

ယဉ်ကျေးမှု မတိုင်ခင်တည်းက
အမေ ဆိုတဲ့ အရိပ်ဟာ
ရင်ခွင်မှာ အမြစ်တွယ်ပြီးသား

အမှားတွေ ဒဏ်ရာတွေကို ကာကွယ်ရဲ ရင်ဆိုင်ရဲစေဖို့
အမေ လို့ တမ်းတ တတ်ကြတယ်

မျက်လုံးမှိတ်ပြီး စိတ်နဲ့အော်ခေါ်တယ်
ဘယ်ဆီဘယ်ဝယ် လမ်းပျောက်ချိန်မှာ
တခါတလေလည်း နှုတ်ကတတယ်
တဒင်္ဂတွေ ခလုတ်ထိစဉ်မှာ
နာကျင်စရာတွေ တုံ့ဆိုင်းဖို့
မေတ္တာလှိုင်းတွေရဲ့ နာမည်မို့..
အမေ လို့ ခေါ်ခဲ့ကြပါတယ်

အမေ ကို အမေ မှန်း
တမ်းတ အောက်မေ့ ခေါ်ခွင့်ရတာ
ဘဝရဲ့ မင်္ဂလာတစ်မျိုးပါ

ဂုဏ်ကျေးဇူးကို အောက်မေ့ပါတယ်
တန်ဖိုးသိတတ် မြတ်နိုးရပါတယ်
အမှတ်ရတိုင်း ကြည်နူးရပါတယ်
မရှိမဖြစ် ချစ်ခွင့်ရှိလို့ ဝမ်းသာရပါတယ်

အမေ ဆိုတာ
မောပန်းတဲ့ စိတ်ဝိဉာဉ်တို့
ခိုဝင်နားပြီး အားဖြည့်ဖို့
အရိပ်တစ်ခုလို တန်ခိုးရှိတဲ့
လူတိုင်းရဲ့ သက်စောင့်ဂါထာ
ရင်ထဲမှာ ပဲ့တင်ထပ်လျက်ပါ...။

//ရွှန်းမီ
Written for Mothers Day Poem Collection 2010 December
link - Mothers Day Collection 2010