“စုံစီနဖာ စာမျက်နှာ” ဆိုတာ မရွှန်းမီ သိမ်းဆည်းမျှဝေချင်တဲ့ အကြောင်းအရာများကို မှတ်မှတ်သားသား စိုက်ပျိုးခင်းကျင်းထားရာ လွင်ပြင်ကျယ်တစ်ခုပါ။

Friday, February 5, 2010

တခါတလေ

တခါတလေ
စာလုံးတွေကို ငြီးငွေ့တဲ့အခါ
အရောင်တွေနဲ့ ကစားပါတယ်။

တခါတလေ
အရောင်တွေကို ငြီးငွေ့တဲ့အခါ
အသာလေး မျက်လုံးမှိတ်ပစ်
စိတ်အရောင် ညစ်မသွားအောင်ပါ။

တခါတလေမှာ နေသာတယ်
တခါတလေမှာ မိုးရွာတယ်
တခါတလေမှာ ဆာလောင်တယ်
တခါတလေ ဟာ
တခါတခါ မှာ လေ ဖို့ကောင်းတယ်။

***
MSpaint မှာ ပုံလေးဆွဲဖြစ်သွားရင်း စိတ်လိုလက်ရ ကဗျာဆက်ရေးလိုက်တာပါ။
အားလုံးပျော်ရွှင်ကြပါစေ။

Thursday, February 4, 2010

ဆူးခြယ်နှင်းဆီ - updated

နာမည်ရယ်လို့ မရှိ
ဘယ်သူမှ မသိတဲ့ ပန်းလေးတွေ
စမ်းချောင်းဘေးမှာ
လမ်းဘေးမှာ
လွင်ပြင်နဲ့ ချုံနွယ်ပင်တွေကြား
တောတောင်စပ် နေရာတလွှားမှာ
လေယူရာ တေးဆိုပျော်မြူးကြ
ပေါ့ပါးပါး လှပလို့ ။

နှင်းဆီလို ဆူးကို ငြိုငြင်လို့
ဖွေဖွေရှာရှာ အပြစ်ကို လာကြည့်
ထိ ရိ မယ့်သူလည်း နည်းလှရဲ့ ။

မျှော်လင့်ချက်ဆူးကြီးတွေ
မီးလို ဝန်းခံပြီး ဖူးငုံခဲ့
လှည့်စားတဲ့ နာရီတွေ
အလီလီ လွန်မြောက်
ဆောင်းရာသီ ရောက်မှ
ခြောက်ခြားလန့်နေဖို့ မသင့်
ဂုဏ်သိက္ခာ ဆင့်ဖို့
ပွင့် လိုက်ရဦးမယ် ။

ဒီလိုနဲ့
တန်ဖိုးမြင့် ပန်းအိုးထဲမှာ
ဓားချက်ဒဏ်ရာကို နှစ်
အပြစ်တွေ မဖြစ်ဖို့
ဟန်လုပ်လို့ လန်းဆန်းပြ
အခန်းထဲ အပူချိန်က
ပိုပို တက်လာတယ် ထင်ရပြီ ။

မစီမညီနဲ့ ဆူးတွေဟာ
နှင်းဆီရဲ့ ရန်သူတွေအပြင်
ချစ်ခင်သူတွေကိုပါ
မညှာမတာပဲ ထိငြိရှ
နာကျင်စေတတ်ကြတယ် ...
လေပူတွေ အလည်လာတာတော့
မကာကွယ်နိုင်ပေမယ့် ။

တကယ်လို့များ
ဆူးကြောင့် သူဟာ အနားမလာရင်
နှင်းဆီဟာ သနားစရာ
ထည်ဝါစွာ ကျိန်စာသင့်ရှာမယ်။

-+-+-+-+-+-+-+-+-+-+

ကြည့်ခဲ့ဖူးတဲ့ဇာတ်လမ်း The Rose of Versailles ထဲက ဇာတ်ဝင်သီချင်း Senjou - Bara wa utsukushiku chiru ကို စိတ်ထဲစွဲနေလို့ သီချင်းနဲ့ဆက်နွယ်ပြီး ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။ သီချင်းလေးကို ရေးတေးတေးမှတ်မိပြီး သီချင်းခေါင်းစဉ်ကို ရုတ်တရက်ပြန်ရှာမတွေ့လို့ သေချာလင့်ခ်ချိတ်ဖို့ နောက်ကျသွားပါတယ်။ 

သီချင်းကနေဆက်နွယ်ပြီး ပြန်ရေးတဲ့ကဗျာမျိုး လှခဲ့တဲ့လမ်းဆုံ တုန်းကလည်း ရေးခဲ့ဖူးပါတယ်။ တိုက်ရိုက်ဘာသာပြန်တာတော့ မဟုတ်ပါဘူး။ “တချို့စကားလုံးတွေဟာ တိုက်ရိုက်ဘာသာမပြန်ဘဲထားတာ ပိုလှတယ်” လို့ ဒေါ်ခင်မျိုးချစ်ပြောတာကို မှတ်သားဖူးပါတယ်။ ဒါကြောင့် မူရင်းသီချင်းထဲက ရှုထောင့်ကို ကိုယ့်ဘာသာခံစားပြီး ပြန်ရေးထားတာပါ။ 

ကဗျာက ကဗျာသက်သက်ပါ။ မည်သူ့ကိုမျှ မရည်ရွယ်ပါ.. ပန်းတစ်ပွင့်အကြောင်း ရိုးရိုးတွေးပြီး ဖြည်းဖြည်းရေးလိုက်ခြင်း ဖြစ်ပါသည်။
အားလုံးအားလုံးကို လေးစားခင်မင်လျက်
. . .

Wednesday, January 27, 2010

ကြောင်ပုံဆွဲတဲ့ကောင်ကလေး



တစ်ခါတုန်းက ဂျပန်ရွာလေးတစ်ရွာမှာ ဆင်းရဲတဲ့ လယ်သမားလင်မယားဟာ ကလေးလေးယောက်နဲ့အတူတူ ပျော်ရွှင်စွာနေထိုင်ကြတယ်။ သူတို့ရဲ့ သားကြီးက ကိုယ်ခန္ဓာထွားကျိုင်းပြီး မိဘအလုပ်ကို သိနားလည်တယ်။ လုပ်ငန်းမှာ ကူညီတတ်တဲ့ သားကြီးနဲ့ အိမ်မှုကိစ္စတွေမှာ စိတ်ချရတဲ့ သမီးလတ်နှစ်ယောက်ကြောင့် လယ်သမားမိဘနှစ်ဦးဟာ ဆင်းရဲပေမယ့် စိတ်ချမ်းသာရတယ်။ သားထွေးလေးကတော့ ဥာဏ်သိပ်ကောင်းပြီး အပြောအဆိုချိုသာပေမယ့် သားကြီးလို ဗလမတောင့်ဘဲ ပိန်ပိန်ပါးပါးနဲ့ ပိုးဟပ်ဖြူလေးလို ဖြစ်နေရှာတယ်။ သားယောက်ျားလေး ဖြစ်ပေမယ့် ငယ်လွန်းပြီး ခွန်အားနည်းတော့ အိမ်ရဲ့လုပ်ငန်းမှာ မကူနိုင်ရှာဘူး။

တစ်နေ့မှာ လယ်သမားလင်မယားဟာ သူတို့သားထွေးလေးရဲ့ ရှေ့ရေးအတွက် တိုင်ပင်ကြတယ်။ သားထွေးလေးဟာ အင်အားနည်းပေမယ့် သိပ်ဥာဏ်ကောင်းလေတော့ အိမ်အလုပ်တွေမှာလည်း အကူအညီသိပ်မလိုမယ့်တူတူ သူ့ကို တရားဟောဆရာဖြစ်တဲ့ထိ စာသွားသင်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရွာတရားကျောင်းက တရားဟောဆရာဟာ အိုမင်းနေပြီ။ သားငယ်လေးသာ ဆရာအိုကြီးကို ကူညီပြုစုရင်း တရားစာကောင်းကောင်းသင်ယူနိုင်မယ်ဆိုရင် တစ်နေ့နေ့ ရွာမှာသြဇာရှိတဲ့ တရားဟောဆရာ ဖြစ်လာမှာပဲ။ လယ်သမားလင်မယားဟာ သူတို့စိတ်ကူးတွေနဲ့အတူ တရားဟောဆရာကြီးဆီ သွားပြီး မောင်ထွေးလေးကို တပည့်သားအဖြစ် လက်ခံအောင် သွားတောင်းပန်ကြတယ်။

တရားဟောဆရာကြီးက မောင်ထွေးလေးကိုတွေ့ပြီး မေးခွန်းတွေမေးတယ်။ မောင်ထွေးရဲ့ နားလည်နိုင်စွမ်းနဲ့ လိမ္မာပါးနပ်တဲ့ဖြေဆိုပုံကို တရားဟောဆရာကြီးက အံ့သြလေးစားနေတယ်။ ပြီးတော့ မောင်ထွေးကို သူ့တရားကျောင်းမှာ စာသင်ဖို့ လက်ခံလိုက်တယ်။ မောင်ထွေးဟာ ကျောင်းရဲ့စည်းကမ်းကို လိုက်နာပြီး လိုအပ်တဲ့ ဝေယျာဝစ္စတွေကို ကူညီလုပ်ပေးတယ်။ ဒါပေမယ့် မောင်ထွေးဟာ စာလုပ်ရမယ့်အချိန်မှာဆို သူနှစ်သက်တဲ့ ကြောင်ပုံတွေဆွဲနေတတ်တယ်။ မောင်ထွေးဟာ သူ့ရင်ထဲက ပုံဆွဲချင်စိတ်ကို ဘယ်လိုမှ တားလို့မရနိုင်ခဲ့ဘူး။

ကြောင်ပေါက်လေးပုံ၊ ကြောင်မကြီးပုံ၊ ကြောင်လှလှ၊ ကြောင်အိုအို၊ ကစားနေတဲ့ကြောင်၊ အိပ်နေတဲ့ကြောင်၊ ကြောင်ဖြူ၊ ကြောင်ဝါ၊ ကြောင်မည်း၊ ကြောင်အရောင်စုံ၊ ကြောင်ရုပ်မျိုးစုံ စိတ်ကူးလို့ရသမျှ ကြောင်ပုံတွေကို မင်နဲ့စုတ်တံလက်ကမချဘဲ နေရာအနှံ့မှာ လိုက်ဆွဲတယ်။ သူ့ဖတ်စာအုပ်ထဲမှာ၊ အခန်းထဲက နံရံမှာ ကြမ်းပြင်မှာ၊ တွေ့တွေ့သမျှ နေရာတွေမှာ သူဟာ ပုံဆွဲချင်စိတ်ပေါ်လာတိုင်း ကြောင်ရုပ်လေးတွေ  လိုက်ဆွဲထားတယ်.. အဆိုးဆုံးကတော့ တံခါးနဲ့ ပြတင်းပေါက်ကာဖို့ လုပ်ထားတဲ့ စက္ကူချပ်မှာပါ ကြောင်ရုပ်တွေ သွားဆွဲထားတာပါပဲ။

တရားဟောဆရာကြီးဟာ စစချင်းမှာတော့ မောင်ထွေးကို စိတ်ဆိုးသွားတယ်။ ဒါပေမယ့် မောင်ထွေးကို စာလုပ်ချိန်မှာ စာမလုပ်ဘဲ ပုံတွေလိုက်မဆွဲသင့်ဘူးလို့ ဆုံးမတယ်။ ဒါပေမယ့် မောင်ထွေးဟာ စာလုပ်ဖို့ထက် အရုပ်ဆွဲတာကို အားသန်နေပြီး ပုံတွေထပ်ဆွဲနေတော့ ဆရာကြီး စိတ်မကောင်းဖြစ်ရတယ်။ သူ မဆုံးမနိုင်တော့ဘူး ဆိုပြီး ဝမ်းနည်းစွာနဲ့ မောင်ထွေးကို ကျောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အထုပ်အပိုးတွေကို သယ်ရင်း ဆရာကြီးကို နှုတ်ဆက်ကန်တော့တဲ့အခါ မောင်ထွေးကို ဆရာကြီးက "နေရာယူတဲ့အခါ ကျယ်ပြန့်တဲ့နေရာကို ရှောင်ပါ" လို့ နောက်ဆုံးစကား လက်ဆောင်ပေးလိုက်တယ်။ ပြီးတာနဲ့ ဆရာကြီးဟာ သူ့အခန်းထဲသူ ပြန်ဝင်သွားတော့တယ်။ ဆရာကြီးရဲ့ ဆုံးမစကားကို သေချာနားမလည်တော့ ဆက်ရှင်းပြစေချင်ပေမယ့် ဆရာကြီးကို ကြောက်တာမို့ ဘာမှဆက်မပြောဘဲ မောင်ထွေး ကျောင်းကနေထွက်လာခဲ့တယ်။

လမ်းမကြီးအတိုင်း လျှောက်လာရင်း မောင်ထွေးကစဉ်းစားတယ်။ ခုတိုင်းအိမ်ပြန်သွားရင် အဖေအမေက အရမ်းစိတ်ဆိုးသွားမှာပဲ။ ဒီတော့ ရွာကျောင်းကလက်မခံရင် မြို့ပေါ်ကကျောင်းကို သွားကြည့်သင့်တယ်။ တကယ်လို့ အဲ့ဒီကျောင်းက လက်ခံမယ်ဆိုရင် ပိုအဆင်ပြေမှာပဲ။ မောင်ထွေးဟာ လူတွေကို မေးမြန်းရင်း မြို့ကြီးကတရားကျောင်းဆီကို ဦးတည်သွားတယ်။ ဒါပေမယ့် တရားကျောင်းမှာ ဘယ်သူမှမရှိလို့ ပိတ်ထားမှန်းကို မောင်ထွေးလုံးဝမသိသလို လူတွေကလည်း မပြောမိကြဘူး။ ဒီလိုနဲ့ပဲ လယ်ကွင်းတွေ၊ ငှက်တွေ၊ ပန်းတွေ၊ လိပ်ပြာတွေနဲ့ သာယာတဲ့လမ်းအတိုင်း လျှောက်သွားရင်း တရားကျောင်းကြီးဆီကို မောင်ထွေးရောက်သွားတယ်။

မောင်ထွေးကျောင်းကြီးကို ရောက်တဲ့အချိန်မှာ မှောင်စပျိုးနေပြီ။ ကျောင်းကြီးထဲမှာ တရားဟောဆရာတွေ ကျောင်းသားတွေမရှိဘဲ သရဲသဘက်တွေ ရောက်နေတယ်ဆိုတာကို မောင်ထွေးလုံးဝမသိဘူး။ သရဲသဘက်တွေက မသိနားမလည်ဘဲ ကျောင်းကြီးကိုရောက်လာတဲ့ လူစိမ်းတွေကို စားလေ့ရှိတယ်။ မြို့စောင့်စစ်သားတွေလည်း သရဲတွေကို တိုက်ထုတ်ဖို့လုပ်တာ မအောင်မြင်ခဲ့ဘူး။ ဘာမှမသိတဲ့ မောင်ထွေးကတော့ ကျောင်းကြီးရှေ့မှာရပ်ပြီး တံခါးကိုသွားခေါက်လိုက်တယ်။ ဘယ်သူမှ တံခါးလာမဖွင့်ဘူး.. မောင်ထွေးက တံခါးကို အသံပြင်းပြင်းနဲ့ အချက်များများ ထပ်ခေါက်တယ်။ ဘာသံမှ မကြားရတဲ့အခါ မောင်ထွေးဟာ တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်သွားတယ်။ တစ်ယောက်ယောက်တော့ ပေါ်လာမှာပဲဆိုပြီး အဝင်ဝခန်းမနားက အခန်းလေးတစ်ခုထဲမှာ ဝင်ထိုင်နေလိုက်တယ်။

သရဲသဘက်တွေဟာ လူစိမ်းဧည့်သည်ကို လှည့်စားဖို့ ညနေစောင်းဆို ကျောင်းကြီးထဲမှာ ဆီမီးလေးတွေ ထွန်းထားတတ်ကြတယ်။ ဒါကိုမရိပ်မိတဲ့ မောင်ထွေးဟာ ဖုန်ထူညစ်ပတ်နေတဲ့ အခန်းလေးထဲမှာ အေးအေးချမ်းချမ်းနေပြီး လှည့်ပတ်စပ်စုနေတယ်။ အံဆွဲလေးတစ်ခုထဲမှာ မင်အိုး၊ စုတ်တံနဲ့ စက္ကူချပ်ပြားတွေ တွေ့တယ်။ အဲ့ဒီမှာပဲ မင်နဲ့စုတ်တံမြင်ရရင် ပန်းချီဆွဲချင်စိတ် ထိန်းမရတဲ့ မောင်ထွေးဟာ ကြောင်ပုံလေးတွေကို စဆွဲတော့တာပဲ။ စက္ကူချပ်တွေ ကုန်သွားတဲ့အခါ ကြမ်းပြင်ပေါ်မှာ ကြောင်ရုပ်တွေ ထပ်ပြီးရေးဆွဲတယ်။ နောက်ဆုံး အားမရတော့ ခန်းမကြီးထဲက အဖြူရောင်ကန့်လန့်ကာချပ်ကြီးပေါ်မှာ ကြောင်ရုပ်တွေအပြည့် ထပ်ရေးပစ်လိုက်တယ်။

ကြောင်ရုပ်တွေဆွဲလို့ အားရပြီး ပင်ပန်းလာတော့ မောင်ထွေးအိပ်ချင်လာတယ်။ ခန်းမထဲက ကန့်လန့်ကာနောက်မှာ အိပ်ပစ်ဖို့လှဲချလိုက်ချင်းမှာပဲ သူ့ဆရာကြီးစကားကို သတိရသွားတယ်။ "နေရာယူတဲ့အခါ ကျယ်ပြန့်တဲ့နေရာကို ရှောင်ပါ" .. မောင်ထွေးဟာ သူ့အတွက်အိပ်ဖို့ သင့်တော်တဲ့နေရာကို ထရှာတယ်။ စောစောက သူနေခဲ့တဲ့ အခန်းလေးထဲမှာ ဖုန်တွေဝင်မနေတဲ့ သစ်သားဗီရိုလေးတစ်ခုကို တွေ့တယ်။ မောင်ထွေးဟာ ဗီရိုလေးထဲဝင်ပြီး သူ့အဝတ်ထုပ်သူ ခေါင်းအုံးအိပ်ရင်း ဗီရိုတံခါးကို အသာလေးဆွဲပိတ်လိုက်တယ်။

ညသန်းခေါင်ရောက်တဲ့အခါမှာ မောင်ထွေးဟာ ဗီရိုအပြင်မှာ ဆူညံနေတဲ့အသံတွေကို ကြားလိုက်ရတယ်။ သူဟာ အပြင်ကို ချောင်းကြည့်ပေမယ့် ဆီမီးသေးသေးလေးတွေဟာ ဆီကုန်သွားပြီဖြစ်လို့ အားလုံးမှောင်မည်းနေတယ်။ ဘာကိုမှမမြင်ရ မောင်ထွေးဟာ ကြောက်ကြောက်နဲ့ ဗီရိုတံခါးကို သေချာဆွဲပိတ်ပြီး အသံတိတ်နေလိုက်တယ်။

နံနက်ရောက်တော့ မောင်ထွေးဟာ ဗီရိုလေးထဲကထွက်၊ အခန်းလေးထဲကနေ တရားဟောခန်းမရှိရာကို အသာလေးချောင်းကြည့်တယ်။ ညက သူ့ကိုစားဖို့ လိုက်ရှာနေတဲ့ သရဲသဘက်တွေ ခန်းမကြမ်းပြင်ပေါ်မှာ သေဆုံးနေကြတယ်။ ဘယ်သူ့လက်ချက်ဖြစ်မလဲ။ လူမရှိတဲ့တရားကျောင်းထဲမှာ သက်ရှိနဲ့တူတာဆိုလို့ ညကမောင်ထွေးဆွဲလိုက်တဲ့ ကြောင်ရုပ်တွေပဲရှိတယ်။ ကြောင်ပုံလေးတွေရဲ့ နှုတ်ခမ်းတိုင်းမှာတော့ အနီရောင်လေးတွေ စွန်းနေတယ်။ ဒါဆို သရဲတွေကို တိုက်ခိုက်ပစ်လိုက်တာ အသက်ဝင်လာတဲ့ သူ့ကြောင်လေးတွေ ပေါ့။ အခုတော့ ရွာတရားကျောင်းဆရာကြီးရဲ့ အကြံပေးစကားအတွက် မောင်ထွေးကျေးဇူးတင်နေတယ်။ ခန်းမထဲမှာသာ အိပ်မိရင် သူဟာ သရဲစာဖြစ်ပြီးနေလောက်ပြီ။

တရားကျောင်းကြီးထဲမှာ သောင်းကျန်းနေတဲ့ သရဲသဘက်တွေသေကုန်ပြီမှန်း လူတွေသိသွားတဲ့အခါ မောင်ထွေးကို သူရဲကောင်းအဖြစ် ဝိုင်းချီးမြှောက်ကြတယ်။ မြို့စောင့်စစ်သားတွေက တရားကျောင်းကို သန့်ရှင်းရေးလာလုပ်တယ်။ မြို့လူကြီးတွေက မောင်ထွေးကို တရားကျောင်းမှာပဲ လက်ထောက်ဆရာလုပ်ရင်း တရားစာတွေ ဆက်လေ့လာဖို့ လေးလေးစားစား ပြောလာကြတယ်။ မောင်ထွေးကတော့ ဆုံးဖြတ်ချက်အသစ်တစ်ခုနဲ့ ကျောင်းကြီးကနေ ထွက်လာခဲ့တယ်။ မောင်ထွေးဟာ ရပ်ရွာမှာသြဇာရှိတဲ့ တရားဟောဆရာ ဖြစ်မလာပေမယ့် နာမည်ကျော်ပန်းချီဆရာတစ်ဦး ဖြစ်လာခဲ့တယ်။ သူဆွဲတဲ့ပုံတွေထဲမှာ ကြောင်ပုံတွေဟာ သိပ်အသက်ဝင်လို့ ဂျပန်တလွှားမှာ ကျော်ကြားလာတယ်။ ဂျပန်တရားကျောင်း တစ်ခုခုထဲက တစ်နေရာရာမှာ မောင်ထွေးရဲ့လက်ရာ ကြောင်ပုံပန်းချီတွေ ကျန်ရစ်နေတာ တွေ့ကောင်းတွေ့နိုင်ပါတယ်။

IPL မှ မူရင်းပုံပြင် ကို ဆီလျော်သလို ဘာသာပြန်ပါသည်။


Friday, January 22, 2010

မနေ့ကလည်း ပန်းတွေပွင့်တယ်


မနေ့ကလည်း ပန်းတွေပွင့်တယ်
နောင်လည်း ပွင့်နေဦးမှာပဲ ..
ဆောင်းမှာဆိုလည်း သစ်ရွက်တွေကြွေ
နွေဆိုတစ်ဖန် ပြန်လို့ စိမ်းလန်းကောင်းပါရဲ့ ..

လေမုန်တိုင်းလည်း တိုက်သွားတာပဲ၊
ငလျင်တွေလည်း လှုပ်သွားတာပဲ၊
ပန်းတွေကလည်း ပွင့်နေဆဲ၊
ပွင့်သောပန်းတိုင်း လန်းဆန်းကြိုင်သင်း အဆိပ်ကင်းဖို့ မျှော်လင့်တယ်။


Photo Info: HortPark, Singapore မှာ တွေ့ခဲ့သည့် Blue-Butterfly (Clerodendrum ugandense) ပန်းပင် ဖြစ်ပါသည်။

Monday, January 18, 2010

မနီလိမ္မာဖို့

မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား
စာသင်ကျောင်းက ဘာတွေသင်
စာရေးစာဖတ်သင်
စာရေးစာဖတ် ဘာလုပ်ဖို့
မနီ“လိမ္မာ”ဖို့ ...။

မော်ကြွားဖို့ မဟုတ်ပါ။
ပြိုင်ဆိုင်ဖို့ မဟုတ်ပါ။
ဂုဏ်ရာဝင်ဖို့ မဟုတ်ပါ။
လောဘထားဖို့ မဟုတ်ပါ။
အတ္တကြီးဖို့ မဟုတ်ပါ။
စိတ်ကစားဖို့ မဟုတ်ပါ။
စိတ်ညစ်ဖို့ မဟုတ်ပါ။

လောကအိမ်မှ လာပါသည်
ဘဝကျောင်းကို တက်ပါသည်
ကိုယ်တွေ့လေ့လာမိတာ လေဟာနယ်မှာ ချရေးလို့
သူများတွေ့ကြုံထားတာ နေရာတကာမှာ ဖတ်ရှုလို့
သင်ခန်းစာမှန်သမျှဟာ “လိမ္မာဖို့”
“လိမ္မာ”ဖို့ ဖြစ်သည် ...။


(မူရင်းကဗျာ - ပထမပိုဒ် ကို ရေးခဲ့သူ - ဦးတင်မိုး ဖြစ်ပါသည်။)

Sunday, January 17, 2010

သူတို့တွေ

"ရေတွင်းထဲက ဖားများ အဖြစ်က
အလွန်ကျယ်သည်ဟုအထင်ရောက်ပြီး
အလွန်ကျယ်နေကြခြင်းပင်ဖြစ်သည်။"

စာညွှန်း - http://www.temasekreview.com/2010/01/14/myanmar-national-with-poor-command-of-english-working-as-accounts-executive-in-singapore/
(after some time, they changed the article's title to "Foreign worker who needs help in spoken English working as “accounts executive” in Singapore", which sounds a little better than the original.)

တကယ်တော့ ကိုယ်ရေးတဲ့စာကိုယ် ဘယ်ရောက်လို့ရောက်သွားမှန်းမသိ သူတစ်ပါးကို အလကားနေရင်း ပုတ်ခတ်သလို ရေးထားတာကြီးအကြောင်းကို ဘာမှဝေဖန်မနေချင်ပါဘူး.. ဒါပေမယ့် ရယ်စရာအကောင်းဆုံး ဆောင်းပါးတစ်ခုအဖြစ် မှတ်ထားလိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက် လင့်ပို့ပြီးဖတ်ခိုင်းလို့ ဘရောင်ဇာကြောင်နေတဲ့ကြားက အဲ့ဒီစာမျက်နှာပေါ်ကို မျက်စိရောက်သွားတယ်။ စာဖတ်ပျင်းပါတယ်ဆိုမှ ဆောင်းပါးဆိုပြီး ရေးထားတာက ဆောင်းပါးရေးတဲ့သူကို သနားစရာကြီး ဖြစ်နေတယ်။

ဆောင်းပါးကိုဆုံးအောင်ဖတ်လိုက်ပေမယ့် များပြားလွန်းပြီး စိတ်ညစ်စရာတွေရော ရီစရာတွေပါ ရောပါတဲ့ ကော်မန့်တွေဖို့ကိုတော့ အကုန်မဖတ်နိုင်လို့ မျက်စိအနားပေးလိုက်ရတယ်။ ဒါတောင် admin ထပ်ရေးတာတွေကို ဖတ်ပြီး ထပ်ရီခဲ့သေးတယ်။

လူတစ်ယောက်ရဲ့ အရည်အချင်းကို အင်္ဂလိပ်စာသင်တန်းတက်တာ တစ်ခုထဲနဲ့ ကောက်ချက်ဆွဲပြီး ပေါက်တတ်ကရရေးထားတာဟာ အစိုးရပေါ်လစီကို ဝေဖန်တာလား... ဘာမှပြောဆိုဝေဖန် မပြုချင်ဘူး ရီပဲ ရီချင်တယ်။
လူတစ်ယောက်နဲ့ ပတ်သက်ပြီး ကိုယ့်ပိုက်ဆံထုတ်ရမယ့်သူ/ သို့မဟုတ် ကိုယ့်တာဝန်ခံရမယ့်သူက .. အဲ့ဒီလူဟာ "talent" လား "trash" လား "ပညာတတ်သူ" လား "ပြန်ညာတတ်သူ" လား .. မသိဘဲနဲ့တော့ အလကားနေရာမပေးပါဘူး။

ဆိုတော့ . . .
အပြောမတတ်တော့ ဆဲသလိုဖြစ်တယ်။ နမူနာကြီးပဲ။
- - -

စာကြွင်း။ ။ တချို့ကတော့ ဒါဟာ လူများအာရုံစိုက်မှုရအောင် တမင်လုပ်တဲ့ လှည့်ကွက်ပါ.. ကော်မန့် ထပ်ဝင်မရေးကြပါနဲ့ လို့ ဟိုဆောင်းပါးရဲ့ ကော်မန့်တွေထဲမှာ ပြောနေကြပါတယ်။
ကိုပေါ-ပိတောက်ရိပ် ကလည်း သူ့ဘလော့မှာ ရေးထားပါတယ်လေ။

Saturday, January 9, 2010

ထွက်ပြေး

စာသိပ်တော်လို့ လူအများလေးစားခံရတဲ့ ကျောင်းသားလေးတစ်ယောက်.. ရိုးသားကြိုးစားပြီး ထူးချွန်တယ်လို့ လူအများက အသိအမှတ်ပြုကြပါတယ်။ ဒါပေမယ့် သူ့မှာ သိပ်ဆင်းရဲလို့ မုန့်ဝယ်စားဖို့တောင်မှ ပိုက်ဆံမရှိရှာဘူးတဲ့..။

သနားဖို့ကောင်းတဲ့ကောင်လေးဟာ လူစည်ကားတဲ့လမ်းလေးပေါ်မှာ လျှောက်သွားရင်း မုန့်ဆိုင်ကိုတွေ့တယ်.. ဆိုင်မှာခင်းထားတဲ့ မုန့်တွေကိုကြည့်ပြီး အလန့်တကြားအော်ရင်း ပြေးထွက်အလာမှာ လမ်းပေါ်ကလူတွေနဲ့တိုက်မိပြီး ဟပ်ထိုးလဲကျသွားရှာတယ်။ လမ်းကလူတွေက သူ့ကို ထူပေးရင်း “ဘာများဖြစ်လာသလဲ” “ဘာတွေ့လို့လဲ”လို့ ဝိုင်းမေးကြတော့ သူက ““မုန့်တွေကိုကြောက်လို့ပါ”” တဲ့။ “မုန့်မှာဘာကြောက်စရာရှိလို့လဲ..” လူတွေက သူ့ကိုဟားပြီး စာဖတ်တာများလို့ ကြောင်သွားရှာပြီလို့ ထင်ကြတယ်။ တချို့ကလည်း မုန့်ထဲမှာ မကောင်းတဲ့ပစ္စည်းပါတာ မြင်သွားလို့ဖြစ်မယ်လို့ ဖြည့်တွေးကြတယ်။ မုန့်ဆိုင်ရှင်က သူ့မိဘရဲ့ရန်သူလား.. စသဖြင့် အမျိုးမျိုးပေါ့လေ။

မုန့်ဆိုင်ရှင်ကတော့ အလကားနေရင်း သူ့မုန့်ကိုကြောက်လို့ ဆိုတဲ့ ကောင်လေးကို ခေါ်လိုက်တယ်။ ပြီးတော့ ဘာမှကြောက်စရာမပါဘူးဆိုတာ ပြချင်လို့ ကောင်လေးကို မုန့်တစ်ဗန်းနဲ့အတူ အခန်းတစ်ခုထဲ ပိတ်ထားလိုက်တယ်။ ဆိုင်ရှင်ထွက်သွားတာနဲ့ ကောင်လေးဟာ မုန့်တွေအကုန်လုံးကို အားပါးတရ ယူစားလိုက်တာပေါ့။ ဆိုင်ရှင်ကပြန်လာကြည့်တော့ သူ့မုန့်တွေကို ကောင်လေး ဝါးစားနေတာမြင်တယ်။ ဒါနဲ့ ကောင်လေးကို “မုန့်ကို မကြောက်တော့ဘူးမဟုတ်လား” လို့မေးတော့ ကောင်လေးက
“မုန့်တွေကိုတော့ မကြောက်တော့ပါဘူး.. ဒါပေမယ့် လက်ဖက်ရည်တစ်ခွက်လောက် ဆိုရင် ကြောက်မယ်” လို့ ပြန်ဖြေလိုက်တော့တယ်။

- - -

ဒါဟာ လွန်ခဲ့တဲ့နှစ်ကိုးရာကျော်ကရှိခဲ့တဲ့ တရုတ်ပုံပြင်ပါတဲ့.. စာအုပ်တစ်ခုထဲ ဖတ်လိုက်ရပါတယ်။ လိုချင်တာတွေ ကိုယ်နဲ့မနီးစပ်တဲ့အခါ ကြိုးစားပြီးထွက်ပြေးကြည့်ပါ တဲ့။ လိုချင်တဲ့အရာတချို့ဟာ ကိုယ်ထွက်ပြေးမှ ကိုယ့်နောက်ကို လိုက်လာချင်တဲ့သဘော ရှိတယ်ဆိုပဲ။

အမြဲတမ်းမဟုတ်တဲ့ တချို့သော အခြေအနေ အချိန်အခါတွေမှာ သူပြောတာ မှန်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မျိုးမှာလဲ ဆိုတာတော့ သေချာမသိဘူး။ ဘာပဲဖြစ်ဖြစ် ဝယ်မစားနိုင်တဲ့မုန့်ကို ရပ်ကြည့်နေတာထက် မျက်နှာလွှဲလိုက်တာကတော့ ပိုကောင်းပါတယ်။
ပုံပြင်ကို တချို့လူတွေဖတ်မိပြီး အိမ်မြောင်နဲ့လိုက်တို့နေမှာလည်း စိုးရိမ်ရတယ်။ စားချင်လို့မဟုတ်ပါဘူး .. တကယ်ကြောက်တာပါ။

တခါတလေ စိတ်ဖိစီးပြီးတွန်းအားတွေ သိပ်များတယ်လို့ ခံစားလာရတဲ့အခါ ထွက်ပြေးခြင်းအနုပညာဆိုတာ အနည်းနဲ့အများတော့ လိုအပ်မယ်ထင်တယ်။

- - -

ထွက်ပြေးခြင်းအနုပညာအကြောင်း စဉ်းစားရင်း Britney Spears သီချင်းကို သတိရသွားတယ်။ သူရဲ့ ထွက်ပြေးခြင်းအကြောင်းလေးပေါ့။ အပေါ်ကရေးထားတာတွေနဲ့တော့ ဘာမှမဆိုင်လောက်ဘူးထင်ပါတယ်.. ဘာနဲ့မှလည်း သက်ဆိုင်နေဖို့ မရည်ရွယ်ပါ။