Sunday, January 11, 2009

My Hero

ကျွန်မရဲ ့ သူရဲကောင်း

ယုန်ကလေး တစ်ကောင် က ပြောတယ်..
ကျွန်မရဲ ့ မေမေဟာ သတ္တိအရှိဆုံးပါ တဲ့
သမင်လေး တစ်ကောင်က ပြောတယ်..
ကျွန်မရဲ့  မေမေဟာ အလျင်မြန်ဆုံး အသန်မာဆုံးပါ တဲ့ ...
ခြင်္သေ့လေး တစ်ကောင်က ပြောတယ်..
ကျွန်တော့်ရဲ့  မေမေဟာ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး အသိမ်မွေ့ဆုံးပါ တဲ့ ..
စာကလေး တစ်ကောင်က ပြောတယ်..
ကျွန်တော့်ရဲ့  မေမေကတော့ သီချင်းဆိုတာ အတော်ဆုံးပါ တဲ့ ..
မျောက်ညိုလေးကလည်း ပြောတယ်.. မေမေကသာ အချောဆုံး အလှဆုံးပဲ တဲ့ ..
လိပ်ပြာလေးကလည်း သူ့အမေဟာ အကြင်နာတတ်ဆုံး လို့ မှတ်ထားတယ် . . .
ပန်းသီးလေး တစ်လုံးကလည်း သူ့မိခင်အပင်ကသာ ဒီကမ္ဘာမှာ အရိပ်အကောင်းဆုံး ပေးနိုင်တယ် လို့ ယုံကြည်တယ် . . . .

ကလေးတိုင်းရဲ့  သဘာဝမှာ သူ့ မိဘကိုသာ ပိုယုံကြည်ကိုးစားတယ်။ အတော်ဆုံး အကောင်းဆုံး လို့ ထင်မှတ်တတ်ကြတယ်။ တွယ်တာကြတယ်။ အထင်ကြီးကြတယ်။
ဒီလိုပဲ။ ကျွန်မဘဝရဲ့  သူရဲကောင်း ဟာ ကျွန်မရဲ့ မိခင်ပဲ ဖြစ်ပါတယ်။
မေမေဟာ သူများတွေအတွက် ဘယ်လို အမြင်မျိုးနဲ့ ရှိနေနေ ကျွန်မအတွက်တော့ စံပြ လူသားတစ်ယောက် ဖြစ်နေမှာပါပဲ။
မောင်နှမသားချင်း များပြီး အကြီးဆုံးသမီးတစ်ယောက်ဖြစ်တဲ့ မေမေဟာ မိသားစုအရေးကို အရာရာထက် ပိုဦးစားပေးခဲ့ပါတယ်။ သူမ ကိုယ်စား ကျွန်မကို ထိန်းပေးရလို့ ငြူစူတတ်တဲ့ သူမရဲ့ ညီမငယ်တွေကြား ကျွန်မကြီးပြင်းခဲ့ရပေမယ့် အမေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သူ မဟုတ်ဘူး လို့ ဂုဏ်ယူမိခဲ့တယ်။ မချင့်မရဲ ဆရာ ခဏခဏ လုပ်တတ်တဲ့ လူတွေရဲ့  လေ ကိုလည်း သည်းခံတတ်အောင် သင်ကြားပေးတဲ့သူ ဖြစ်ပါတယ်။ အရာရာကို ရောင့်ရဲတတ် အကောင်းမြင်တတ်အောင်လည်း သင်ပေးခဲ့တယ်။ သူ့ဘဝသူ ကျေနပ်ပျော်ရွှင်အောင် နေတတ်သူလည်း ဖြစ်ပါတယ်။

ကျွန်မကို ကိုယ့်ဘဝကိုယ် ကျောင်းတတ်အောင် မိဘအပေါ် ၀န်ထုပ်ဝန်ပိုးပိစေတဲ့ သားသမီးမျိုး မဖြစ်ရအောင် အတတ်နိုင်ဆုံး ဆုံးမခဲ့တယ်။ သူတစ်ပါး အားကိုးတတ်တဲ့ ပျော့နွဲ့နွဲ့ သမီးမျိုး မဖြစ်စေချင်ခဲ့ဘူး။ ကျွန်မအသိစိတ်နဲ့ ကျွန်မ အိပ်အလုပ် ကျောင်းအလုပ် ပုံမှန်လုပ်နိုင်ရင် အမေက ဂုဏ်ယူနေတတ်တယ်။ သူကိုယ်တိုင်ကလည်း သူ့အလုပ် သူ့မိသားစုကို ဦးဆောင်တဲ့သူ ဖြစ်နေချင်တဲ့ မာန်ရှိတယ်။ မေမေရဲ့ ပြင်းထန်တဲ့ စိတ်အင်အားက ကျွန်မကို အများကြီး လွှမ်းမိုးပါတယ်။
တကယ်တော့ ကျွန်မ ဒီနေရာမှာ စာတွေရေးနေနိုင်တာ ကအစ ကျွန်မရဲ့ ဖြစ်တည်မှု အကုန်လုံးဟာ မိခင်ရဲ့ ရဲရင့်ပြတ်သားမှုကျေးဇူး အများကြီး ပါ၀င်ပါတယ်။ လူဖြစ်အောင် မွေးမပေးခဲ့ရင် အခက်အခဲတွေ ဖြတ်ကျော်ရင်ဆိုင်ရဲတဲ့ သတ္တိတွေ သွင်းမပေးခဲ့ရင် ကျွန်မဟာ အခုစာရေးနေတဲ့ ကျွန်မ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုအခြေအနေ အခက်အခဲတွေပဲ ကြုံခဲ့ကြံုခဲ့ မေမေဟာ သူ့စိတ်စွမ်းအားနဲ့ ကျွန်မကို အကောင်းဘက်ရောက်အောင် တွန်းပို့ပေးခဲ့တယ် လို့ ခံယူပါတယ်။

အကြောင်းတိုက်ဆိုင်လာတိုင်း ဆုံးမစကားတွေ ကြားယောင်မိတိုင်း ဒီနေရာမှာ အမေက ဘယ်လိုမြင်တယ်.. ဘယ်လိုဖြစ်စေချင်တယ် ဘယ်လို အကြံပေးခဲ့တယ် ဆိုတာကို ဆင်ခြင်မိ ကျေးဇူးတင်မိပါတယ်။ သားသမီး ဆိုတာ မိဘနေရာကို ရောက်ချင်မှ ရောက်မှာ ဖြစ်ပေမယ့် မိဘတိုင်းဟာ တစ်ချိန်က သားသမီး ဖြစ်ခဲ့တာမို့ မျှဝေစရာ ပေးစရာ အများကြီးကို ခံယူခွင့်ရတာ ကောင်းခြင်းတစ်ပါးပါပဲ။  တစ်နေ့မှာ ကိုယ်တိုင် အမေတစ်ယောက် ဖြစ်လာခဲ့ရင်လည်း ကိုယ့်သားသမီးအတွက် ကံကောင်းခြင်းတွေ ခိုင်မာမှုတွေ ပေးနိုင်တဲ့ အမေတစ်ယောက်ဖြစ်မှ ကိုယ့်မိဘရဲ့ မေတ္တာကို ဆက်လက်စီးဆင်းစေမှ သားသမီးကောင်း ဖြစ်နိုင်မယ်လို့ တွေးမိပါတယ်။ မိဘမောင်နှမတွေ အတွက်ရော ကျွန်မနဲ့ ဖေဖေအတွက်ပါ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်တတ်တဲ့ မိခင်တစ်ယောက် ရှိနေတဲ့ အတွက် ကျွန်မရဲ့ ဘဝမှာ သိပ်စွမ်းအားကြီးတဲ့ သူရဲကောင်းတစ်ယောက် ရှိနေတယ် လို့ အမြဲခံစားရပါတယ်။ ဘဝဟာ ပြည့်စုံတယ် လို့ ခံစားရတယ်။ ဂုဏ်ယူမိပါတယ်။
//ရွှန်းမီ---

အပေါ်ဆုံးမှာ ရေးတဲ့စာကြောင်းတွေက ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ရွှေသွေးစာစောင်ထဲကပါ။ ပုံပြင်အစအဆုံးရော ရေးတဲ့သူကိုရော သိပ်ကြာပြီမို့ မမှတ်မိတော့ဘူး။
အမေနေ့ အမှတ်တရ စာရေးဖို့ လာအားပေးတဲ့ ယောဆရာတော်ကို ကျေးဇူးတင်ပါတယ်။