Wednesday, January 25, 2012

နီးဘား

နီးဘား

"Neighbour" အင်္ဂလိပ်စာလုံး.. အိမ်နီးနားချင်း ကို ပြောချင်တာပါ။ သည်စာလုံးကို အင်္ဂလိပ်စာတတ် အဖွားက ဘိုလိုပြောတော့ သူ့မြေး ပိဋကတ်အိုးကွဲက ဗမာလိုတွေးပြီး နားမလည်ခဲ့ဘူး။ အနီးအပါးမှာ ရှိတဲ့လူတွေမို့ပဲ အဲ့လိုခေါ်သလား ပေါ့လေ။ ဆယ်နှစ်လောက်ကြာမှ စကားဝဲတဲ့သူတွေ ကျေးဇူးနဲ့ ဘာစာလုံးမှန်း စဉ်းစားမိတော့တယ်..။

တခါတလေလည်း အိမ်မှာအမြဲလိုနေတဲ့ အဖွားက သူတွေ့ရကြုံရတာတွေကို ပြန်ပြောပြတတ်တယ်။
ဟုတ်ကဲ့ .. ရပ်ကွက်ထဲမှာ သည်လိုပဲ ရှိတယ်။

တကယ်တော့ အထွေအထူးတွေ သိပ်မရှိပါဘူး ထင်ခဲ့တယ်။ လူဆိုတာ သူ့အကြောင်းနဲ့သူ သူလိုကိုယ်လိုပဲပေါ့။ သိပ်မစပ်စုတဲ့အခါ ထူးခြားတာတွေကလည်း သူ့အလိုလို ထင်ထင်ရှားရှား ပေါ်လာတတ်တာပါပဲ။ တစ်ညသောအခါက အသံဗလံတွေ ကြားရင်း ရပ်ကွက်ထဲမှာ နေတဲ့သူတွေကို သတိထားမိတယ်။ အဖွားကတော့ ကိုယ့်မြေးမို့ပြောပြတာ၊ သူများအကြောင်း မကောင်းမပြောရဘူးလို့ သေချာမှာထားပါတယ်။

လူတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲတတ်တယ်။ ညညဆို ခွေးဟောင်ရုံကလွဲလို့ တိတ်ဆိတ်နေတတ်တဲ့လမ်းဟာ အရင်လို မဟုတ်တော့ပါဘူး။ ဇာတ်လမ်းအသစ်တွေနဲ့၊ ဇာတ်ကွက်အသစ်တွေနဲ့၊ ဝါရင့်တွေရော မျက်နှာသစ်တွေရောပဲ။ အဲလို ပြဇာတ်အစစ်ဆိုရင်တော့ ကြည့်ကောင်းမယ်ထင်ပါတယ်။ တကယ့်အဖြစ်ကျ ပြဇာတ်မဟုတ်လို့ ပြဇာတ်အတုပဲ ဆိုပါတော့။ ရပ်ကွက်ထဲမှာ သူဘာလဲ၊ ကိုယ်ဘာလဲ ကြည့်နေတဲ့သူတွေ ရှိတတ်တယ်ဆိုတာ အစက မယုံခဲ့ဘူး။

တစ်ညမှာ တစ်ပင်တိုင် မင်းသမီးကြီး ရင်ကွဲနာကျခန်းနဲ့ ထွက်လာတယ်။ သူလည်း သူ့စွဲလမ်းမှုဒဏ်ရာတွေနဲ့ လူအများအိပ်ချိန်ကျမှ ရင်ဖွင့်ချရတော့တာပဲ။ သူ့စွပ်စွဲချက်ရဲ့ တရားခံခမျာ မသက်သာရှာဘူး။ ဒါပေမဲ့ တော်ရှာတယ်။ အကျယ်အကျယ်မဖြစ်စေချင်လို့ ဘာမှ မတုံ့ပြန်ကြဘူး ထင်ပါတယ်။ မင်းသမီးကြီးခမျာ သူ့ဘာသာ ဝေဒနာတွေ ပျို့တက်လာတိုင်း အော်ဟစ်ဆိုမြည်ရုံကလွဲလို့ ဘာမှမလုပ်နိုင်၊ ဟိုဘက်ကလည်း ပိုဆိုးလာမှာစိုးလို့ ငြိမ်ငြိမ်နေရင်းနဲ့ ပရိတ်သတ်ကတော့ အိပ်ပျော်သွားရော.. ဘယ်တော့မှမပြီးတဲ့ ဇာတ်လမ်းလည်း နောက်နေ့မှဆက်ရော ..။

ကိုယ်မသိရခင်မှာ ဇာတ်လမ်းက အရှည်ကြီး ရှိခဲ့တယ်။ ဖြစ်ပြီးခဲ့တာတွေ ပြီးသွားပြီ ဆိုပေမဲ့ နာရတဲ့သူက မေ့မရဘူး ဆိုတာလည်း ဟုတ်တာပဲ။ ဆွေမျိုးမိဘသံယောဇဉ်၊ ပစ္စည်းသံယောဇဉ်တွေနဲ့ လူဆိုတာ အပူသိပ်များတယ်။ မရှိခိုးနိုး၊ မလှစုန်းယိုး ဆိုတာလည်း ရှိတယ်။ ငိုကြွေးမူးရူးရင်း ပြောဆိုတဲ့စကားကို အတည်ယူဖို့လည်း ခက်ပါတယ်။ နောက်နေ့ကျမှ ဟိုညက ကြားလိုက်လား ဆိုတာတွေကျတော့ ကိုယ်လည်း အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ ထင်ယောင်ထင်မှားမျှသာပဲ ဆိုပြီး စကားဖော့လိုက်ရတယ်။ သိလည်း ဘယ်သို့ဘယ်ချမ်းသာဆိုတာတွေ ပြန်ပြောကောင်းတာ မဟုတ်ဘူး။

ဒီဃာဝု ကို သတိရတယ်။ 'ရန်တုံ့မူက ရန်မငြိမ်း၊ ရန်မတုံ့မူမှ ရန်ငြိမ်း၏' ဆိုတဲ့စကားကို ဒီဃာဝု ဇာတ်လမ်းဖတ်ရင်း စသိခဲ့တာပဲ။ လောဘ၊ ဒေါသဆိုတာ လူရဲ့အသိစိတ်ကို ကွယ်စေတယ်။ ခွင့်လွှတ်တဲ့သူက ခွင့်လွှတ်တယ်။ မှတ်မိတဲ့သူက မှတ်မိတယ်။ ဟိုညက ပြောဆိုတိုင်းထွာခံရတဲ့ မိသားစုထဲက တစ်ယောက်က သူများတကာကို အကြောင်းမဲ့ ပြောဆိုခဲ့တာတွေ ရှိတာပဲ။ အခု သူမရှိတော့တဲ့အခါ သူ့မိသားစုကို ကျန်တဲ့သူတွေ မလေးစားတာလည်း သံဝေဂ ရစရာပါပဲ။ တကယ်တမ်းကျ ဘယ်သူဘယ်လောက်မှားခဲ့လည်း နောက်ဆုံးတော့ မကြာခဏ အော်ဆဲနေတဲ့အသံရှင်ကိုသာ လူတွေငြိုငြင်မိကြပါတယ်။ ခံစားရသူခမျာလည်း ရူးမတတ်မို့လို့သာ ဒီလိုဖြစ်ရရှာတာပါပဲ။

'သူတို့ ကြံဖန်ကျေးဇူးတင်ရမှာပဲ။ ညက အသံတွေ မကြားရင် မီးထပိတ်ဖို့ မေ့နေမှာ' လို့ ပြောမိတော့ အဖွားကရယ်တယ်။ ကိုယ်ကတော့ မီတာတက်ရင် အဖွားရင်တုန်မှာကို ပိုစိုးရိမ်တာပါပဲ။ အဖွားက သူတို့ခေတ်ဈေးနဲ့ စဉ်းစားပြီး အပိုတွေဖြုန်းမိမှာ တွေးပူတတ်တဲ့အကျင့်လေး ရှိတယ်။ အဖွားကို 'ညက ဟိုတစ်ယောက်ပြောတာတွေက တကယ်ဖြစ်ခဲ့တာလား' လို့ ဘယ်သူဘယ်ဝါက လာမေးသေးတယ် တဲ့။ အဖွားက မိန်းမချင်းလည်း စာနာရှာတယ်။ ကျန်ခဲ့တဲ့ ကလေးတွေကိုလည်း သနားတယ်။ 'အိပ်တဝက်နိုးတဝက်နဲ့ ဗလုံးဗထွေးစကားတွေ သေချာမကြားဘူး' လို့ ပြန်ပြောလိုက်တယ်။ တကယ်လည်းပဲ အဖွားဟောက်နေတာနဲ့ မင်းသမီးကြီး ဘာတွေအော်သွားမှန်း သဲသဲကွဲကွဲ မကြားပါဘူး။

သူများအကြောင်းဆိုတာ စပ်စုလို့ သိပ်မကောင်းဘူး၊ အထူးသဖြင့် အဲ့လိုတွေပေါ့။ သူများအကြောင်း သိပ်မပြောရလို့ ပြောစရာမရှိလည်း တိတ်တိတ်ပဲနေတာ အေးပါတယ်။ တခါတလေတော့ သတိရစရာတွေ၊ အမှတ်ထားမိတာလေးတွေ ပြောဖြစ်ပါတယ်။

တစ်စုံတစ်ယောက်အကြောင်း ဘာမှမပြောမိဘူး ဆိုပါတော့။ အကောင်းပြောစရာမရှိလို့၊ မကောင်းပြောစရာတွေချည်းမို့ .. ဆိုတဲ့သဘောတော့ မဟုတ်ပါဘူး။ အမှတ်ထင်ထင် ပြောစရာရယ်လို့ မရှိတာလည်း ဖြစ်နိုင်တယ်။ မြင်းထိန်းငတာလို ဖြစ်မှာစိုးလို့ ကိုယ့်ဘာသာ လေးစားတာကို သူများလျှောက်မပြောမိတာလည်း ဖြစ်နိုင်တယ်။ မျက်စိမှုန်လို့ သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုသဘောနဲ့မှ အခင်မင်ပျက်ဖို့ မရည်ရွယ်ပါဘူး။
နီးဘားဆိုတော့ ရှော့ဖြစ်မှာစိုးလို့ ..။

3 comments:

ညိမ်းနိုင် said...

ရေးသွားတဲ့သူကရှင်းနေတာပဲ....ခက်တာက ဖတ်တဲ့
ကျွန်တော်ကဖြင့် တစ်လုံးမှကိုနားလည်ဝူးရယ်....:)
အဲ့လို....ကိုယ်တွေဝေးချက်က......၊မျက်စိမှုန်လို့နေမယ်
ဗျာ.....:)))

ShwunMi- said...

ကိုညိမ်းနိုင်

နောက်ဆုံးစာကြောင်း မြင်ရရင် အခြေအနေ ကောင်းပါသေးတယ် =)


THS said...

ရှော့ခ် ဖြစ်ရင်တော့ မကောင်းဘူး ညီမ ၊ မပြောချင်ရင် မပြောပဲထားလိုက် ၊ အခုပြောပြသလောက်လေးတော့ ဖတ်လို့ သိပ်ကောင်း ....း-)