ဖဝါးနုနု
၂၀၁၂ ဆိုတာ ဘာသားနဲ့ ထုထားတာမို့လဲ?
လမ်းတွေဟာ ကြမ်းတမ်းတယ် ဆိုပေမဲ့ လမ်းထက်နုတဲ့ လူ့ဖဝါးအောက် တဖြည်းဖြည်း ရောက်ကုန်တာပါပဲလေ။
၂၀၁၁-၂၀၁၂ ဆောင်းတွင်းမှာ မွေးရပ်မြေကို ပြန်ရောက်နေပါတယ်။ အပျော်ပြန်လာတာ မဟုတ်ပေမဲ့ ပြန်လာဖြစ်တဲ့အတွက် ပျော်နေပါတယ်။ ဆောင်းတွင်းရဲ့ နှင်းတွေလည်းနေရောင်ခြည်နဲ့အတူ တလက်လက် ပျော်နေကြပါတယ်။
အေးမလိုလိုနဲ့ ချွေးပျံရတဲ့ နေရာမှာ လေပြေနဲ့အတူ ဖုန်မှုန့်သဲမှုန့်တွေလည်း တရှပ်ရှပ်ပါပဲ။ မနေနိုင်တော့လည်း တံမြက်စည်းလှည်းရင်း ကုသိုလ်ယူတဲ့အခါ ယူပါတယ်။ ငယ်စဉ်ကတည်းက ဖွဖွလေးနင်းရတဲ့ သစ်သားကြမ်းခင်းပေါ် ကြီးပြင်းလာတဲ့အတွက် တော်ရုံဖုန်ထူနေရင်ကို ခြေဖဝါးတွေက သိပါတယ်။ ဖယောင်းဝပြီး အိညက်ချောမွတ်နေတဲ့ ကြမ်းခင်းပေါ်မှာ ချော်လဲခဲ့တာတွေလည်း သတိရမိပါတယ်။
ဘယ်လောက်ကြာကြာ ဝေးနေခဲ့ပါစေ၊ မွေးရပ်မြေအိမ်က ရင်းနှီးခဲ့တဲ့အငွေ့အသက်တွေ မကုန်ပါဘူးလေ။ စာအုပ်ပေါ်က ဖုန်တွေရယ်၊ စင်တွေပေါ်က ပိုးအိမ်တွေရယ်၊ နံရံပေါ်က ဓာတ်ပုံတွေရယ်၊ သူ့အလှနဲ့သူ ပြန်လာတဲ့လူ ရှင်းလင်းပေးတာကို စောင့်နေဆဲ။ နေ့စဉ်အသစ်အသစ် တက်လာတဲ့ ဖုန်တွေကို တစ်နေ့နည်းနည်းစီ အဆင်ပြေသလို ပြန်ရှင်းလင်းရတာပါပဲ။ တစ်နေ့နေ့တော့ မဟူရာစံအိမ်ကြီး အရောင်လှလှ ပြန်တက်လာမှာပေါ့။
ယုံကြည်မှုဆိုတာ ဘဝကို အဓိပ္ပာယ်ပိုရှိစေပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံတယ်။ မိဘ၊ ဆရာသမားကို ရိုသေဦးချရမယ် ဆိုတာကို ယုံတယ်။
ကျေးဇူးတရားများကြောင့် သွားလေရာမှာ ခလုတ်မထိ ဆူးမငြိအောင် ကိုယ့်ဘာသာကိုယ်လည်း ဂရုစိုက်ရပါတယ်။
သွားရင်းလာရင်းနဲ့တော့ လမ်းမှာ တံတွေးထွေးသူတွေ၊ ဘတ်စကားပေါ်မှာ ခြေထောက်ဖျား တက်နင်းတတ်သူတွေ တွေ့နေရဆဲပါ။ ရှောင်ပေးနေတာတောင်မှ ဂရုမစိုက်တမ်း၊ မတောင်းပန်တမ်း တက်နင်းတတ်တာ စိတ်မကောင်းဖြစ်မိပါတယ်။ တခါတလေဆို စတီးချိုင့်လေးတွေ ကားသန့်လေးတွေဘေးနားကို ခွပ်ခနဲ ခွပ်ခနဲ မတော်တဆသွားကြတာ ဘာကြောင့်မှန်း စဉ်းစားမရဘူး။ ကိုယ်တိုင်ကပဲ ထူးထူးခြားခြား လိုက်ကြည့်နေမိလို့ အမှတ်တမဲ့တွေ အမှတ်တရ ဖြစ်ကုန်တာလား မသိပါဘူးလေ။
မြို့ထဲကတ္တရာလမ်းပေါ်မှာ ဖိနပ်ပေါက်လို့ မျက်ရည်ကျမတတ် ခံစားနေရတုန်း အဆိုးဆုံးဒုက္ခပဲလို့ ထင်ခဲ့ပါတယ်။ ရွှံ့ထဲဗွက်ထဲ လမ်းကြမ်းတွေထဲမှာ ဖိနပ်မစီးနိုင်တဲ့သူတွေ ငိုဖို့တောင် သတိမရတဲ့အကြောင်း နောက်မှတွေးမိတယ်။ ဘယ်သူမဆို ပြန့်ဖြူးသာယာတဲ့ လမ်းမျိုးကိုပဲ လျှောက်ချင်ကြမှာပါ။ လမ်းဆိုးတဲ့အခါမှာ ကိုယ့်ဘာသာကိုယ်သနားနေဖို့ထက် လိုရာရောက်ဖို့ ပိုအရေးကြီးကြောင်း သိလာတာလည်း သိပ်တော့မကြာသေးပါဘူး။ မညီညာတဲ့ ပလက်ဖောင်းတွေ၊ အမှိုက်စနဲ့ ကွမ်းတံတွေးစက်တွေ ဖြတ်ကျော်ရင်း အနောက်မှာသာ ကျန်ခဲ့ပါစေတော့လို့ ဆုတောင်းမိပါတယ်။
နှစ်သစ်ကစပြီး လူက တစ်သက်လုံးနီးပါး ပိုးမွေးခံရသလို လောကဓံနဲ့ ပတ်သက်လာရင် အရေပါးတတ်တာကို သတိထားပြုပြင်ရတော့မယ်။ တကယ်က ဘယ်အချိန်စစ ရရဲ့သားနဲ့ လူတွေ နှစ်သစ်ကနေ ပြန်စတတ်ကြတယ်။ လောလောဆယ်ပြုပြင်ဖို့ မေ့နေတာတွေကိုတော့ နောက်တစ်နှစ်ရောက်တဲ့ထိ စောင့်မှာမဟုတ်ပါဘူး။ အသက်နဲ့ အချိန်ဟာ လူကို စောင့်မနေတတ်ဘူးလေ။
ခုချိန်မှာ ငယ်စဉ်က ထိန်းကျောင်းစောင့်ရှောက်ခဲ့တဲ့ အဖွားအဒေါ်တွေကို ပြန်ပြုစုခွင့်ရတာလည်း ဝမ်းသာစရာတစ်ခုပါပဲ။ အိမ်ရဲ့ထုံးစံအရ အငယ်ဆုံးမို့ လူကြီးတွေ စားသောက်တဲ့ ပန်းကန်အိုးခွက်တွေ ဆေးကြောပေးရတယ်။ ကြုံသလို အဝတ်လျှော်ပေး၊ မီးပူတိုက်ပေးရင်း မေတ္တာတွေရော ကုသိုလ်တွေရော အများကြီးရနေပါတယ်။ ပိတ်ဖို့မေ့ခဲ့တဲ့ မီးခလုတ်တွေအတွက်လည်း တခါတလေ အဆူခံရပါတယ်။
တစ်ပြည်ရပ်ခြားမှာ မကြားရတာကြာပြီမို့ အပြောအဆိုခံရလည်း လွမ်းနေရတာထက်စာရင် ပျော်ပါတယ်။ လူကြီးနားနေတာမို့ ကိုယ့်ထက်ပို အဆိုအပြောခံရတဲ့ ညီမလေးတွေလည်း လိမ္မာနေကြတာ ဝမ်းသာစရာပါပဲ။ မတွေ့တာကြာတဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ရင်း ပိတ်ရက်တွေ ဘယ်လိုခုန်ကျော်လွန်ခဲ့လည်းတောင် မသိဘူး။ အချိန်တွေ ကုန်တာ တော်တော်မြန်သွားပါတယ်။
သူငယ်ချင်းတွေက အရေခွံလဲခါစ လက်တွေကို ကိုင်ကြည့်ပြီး အိမ်မှာ ဘာမှမလုပ်ရဘူးလားလို့ ပြောတော့ ရယ်နေရပါသေးတယ်။ ငယ်ငယ်တည်းက သနပ်ခါးသွေးတာ၊ ဖုံသုတ်တာလို ကလေးလည်း ကလေးမို့ တတ်နိုင်သလောက် ကူညီပေးနေရတာ တစ်ခါမှ သူတို့ကို မကြွားဖူးဘူးကိုး။ ပြောတော့လည်း ခုထိ မယုံကြပါဘူး။ ကိုယ်လုပ်ခဲ့ရတဲ့ အိမ်အလုပ်ဆိုတာတွေက ခက်ခဲကြမ်းတမ်းတာမျိုး မဟုတ်လောက်သေးလို့လည်း ဖြစ်ချင်ဖြစ်မယ်။ လက်ဖဝါးတွေက အပူတွေဘာတွေ ကိုင်ရလည်း ဒဏ်ရာမပေါ်တတ်ဘူး ထင်ပါတယ်။ ပျော့ပျောင်းနူးညံ့သလိုလိုနဲ့ သူတို့ ခံနိုင်ရည်ရှိကြတယ်။
နားပါးတဲ့ ဖွားဖွားကြောင့် ခြေသံမမြည်အောင် အမြဲတမ်း လမ်းလျှောက်ရတယ်။ ရှေးဆန်တဲ့အိမ်မှာ ဆိုတော့ သစ်သားကြမ်းမှာဖြစ်ဖြစ်၊ ဖိနပ်နဲ့ဖြစ်ဖြစ်၊ လမ်းလျှောက်ရင် အသံမမြည်အောင်၊ တခြားအိမ်အလုပ်တွေ၊ ပန်းကန်ခွက်ယောက် ဆေးကြောတာတွေကအစ မလိုအပ်ဘဲ အသံမထွက်အောင် အမြဲသင်ကြားခံရတယ်။ ငယ်ငယ်တုန်းကတော့ အိမ်ကစည်းကမ်းကြီးလိုက်တာလို့ ခဏခဏ တွေးမိပါတယ်။ ခုချိန်မှာတော့ အလုပ်တွေကို ညင်ညင်သာသာ မြန်မြန်ဆန်ဆန် လုပ်ကိုင်တတ်တာ စိတ်ချမ်းသာဖို့ကောင်းမှန်း သိလာပါတယ်။
အပြင်သွားရင်တော့ ဘယ်လောက်ပဲ ညင်သာအောင် ကြိုးစားလျှောက်လျှောက် လမ်းတွေက ကွန်ဖူးအဆင့်မြင့်နေတော့ ဖိနပ်ပျက်ပါတယ်။ လမ်းတစ်ကြောကို ခလုတ်မတိုက်ဘဲ လျှောက်မိသွားရင် ကိုယ့်ဘာသာကိုယ် တော်တော်အထင်ကြီးမိပါတယ်။ ခြေဖဝါးက အဆီထွက်တတ်တော့ ဖိနပ်ချောတယ်လေ။ သတိထားသွားရတော့ လမ်းသွားရင် ဟိုဟိုဒီဒီ တောင်စဉ်ရေမရတွေ မတွေးမိတော့ဘူး၊ သမီးလိမ္မာလေး သတိမြဲတတ်လာပါပြီ။
နှစ်တစ်နှစ်ဟာ ဖြတ်သန်းရမယ့် လမ်းတစ်ခုဆိုရင် ခုချိန်မှာ ၂၀၁၁ လမ်းဆုံးပြီးတော့ ၂၀၁၂ ထဲ ရောက်လာနေပြီပေါ့။ တစ်ရက်ချင်းတစ်လှမ်းချင်း တစ်နေရာကိုမရောက်မချင်း ဆက်သွားရဦးမယ်။ ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက် ဆုံတွေ့ရသူများလည်း ဆူးညောင့်ခလုတ် ဘေးအန္တရာယ်တွေ ကင်းဝေးပြီး လိုရာချောမောစွာ ရောက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ လမ်းတစ်လျှောက် အရိပ်ပေးသူများကိုလည်း ကျေးဇူးတင်ရင်း၊ ဖိနပ်များ၊ ခြေဖဝါးများကိုလည်း သန့်ရှင်းစင်ကြယ်အောင် ဂရုစိုက်ရင်း၊ တွေ့ကြုံလို့ အကူအညီလိုသူများကိုလည်း တတ်နိုင်သလောက် ဖေးမတွဲခေါ်ရင်း၊ တစ်နေ့နေ့မှာတော့ သာယာဖြောင့်ဖြူးပြီး စိတ်ကူးကောင်းများသီးပွင့်ရာကို ရောက်နိုင်မယ့် လမ်းတစ်ခု ဖောက်ပေးနိုင်အောင် ကြိုးစားနေပါတယ်။
၂၀၁၂ ဆိုတာ ဘာသားနဲ့ ထုထားတာမို့လဲ?
လမ်းတွေဟာ ကြမ်းတမ်းတယ် ဆိုပေမဲ့ လမ်းထက်နုတဲ့ လူ့ဖဝါးအောက် တဖြည်းဖြည်း ရောက်ကုန်တာပါပဲလေ။
- - - - - - - - - - -
To my sisters Rose, & all ...
Tag post, New Year Post, ခုရက်ပိုင်းမှာ ရေးချင်နေတာတွေ၊ စိတ်ထဲ ပေါ်လာတာတွေ အားလုံးကို တစ်ခုတည်း ပေါင်းပြီး ရေးချဖြစ်သွားပါတယ်။
နောက်အကျဆုံး ဖြစ်သွားပေမဲ့ Holiday post ရေးပေးဖို့ သတိတရ လှမ်းခေါ်တဲ့ အစ်မနှင်းဆီကို ကျေးဇူးတင်ပါတယ်။
မှတ်မှတ်ရရ လာရောက်နှုတ်ဆက်ကြတဲ့ ကိုညိမ်းနိုင်၊ ကိုတင့်၊ တီတီတင့်၊ ကိုရန်းဂန်း၊ မမြမြသိန်း တို့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
နှစ်သစ်မှစပြီး တစ်နှစ်လုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
- - - - - - - - - - -
Thursday, January 5, 2012
ဖဝါးနုနု
author
ShwunMi-
at
7:10 PM
Labels: NewYear Diary
6 comments:
အင်း... ၂၀၁၂ဆိုတာ ပိုပြီးငြိမ်းချမ်းပျော်ရွှင်အောင်မြင်ကျန်းမာမယ့် နှစ်ပေါ့ကွယ်။
ကိုယ့်ကိုကိုယ် အသက်သာကြီးလာတယ် ... အချိန်စီးလာတယ်တော့ မထင်လှဘူး စဉ်းစားနေရင်း ဒီပို့စ် ဖတ်မိတယ် ..
ဘာပဲဖြစ်ဖြစ်ပျော်စရာ နှစ်သစ်ဖြစ်ပါစေ ...
Thank you,sis, :). I enjoy reading it.
သူ..တစ်ယောက်. ..
၂၀၁၂ မှာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိပြီး ..နုဖတ်အုအတ်နေတဲ့သူ့ခြေဖ၀ါးတော်နုနုလေးတွေလည်း ... လောကဓံကြီးကို ခံနိုင်လောက်တဲ့ ..ခြေဖ၀ါးကြမ်းပိုင်ရှင်လေး ဖြစ်ပါစေ..ဆုတောင်းလျက်...
ခင်မင်ရသော သူ ..တစ်ယောက်...
ဒါလေးဖတ်ပြီး စိတ်ထဲ ပျော်တာတွေ ကူးစက်ခံရတယ် ။
၂၀၁၂ ဆိုတာ ဘာသားနဲ့ ထုထားတာ မို့လို့လဲ နော်..း-)
Post a Comment