![]() |
| sketched by - May |
ဘယ်လိုပဲပြောပြော မိုးတိမ်တွေကြားမှာ အရိပ်တွေ ပိုထင်ရှားလာတယ်။ တချို့နေရာတွေမှာ အရောင်ပြောင်းသစ်ရွက်တွေ ကြွေကုန်ပြီ။ တချို့နေရာတွေမှာတော့ မိုးတွေဟာ ရွာမဆုံးနိုင်သေး။
မကြားတကြားအသံလေးတွေ လေထဲတသောသော လွင့်ပျံလာတယ်။
နေသာတဲ့တစ်နေ့အတွက် စိတ်ကူးယဉ်ချင်တယ်ဆို ရေဗူးနဲ့ ဦးထုပ်တွေ လိုမယ်။ အပိုတွေမပြောခင်မှာ မိုးကုန်သွားတာဟာ ဆောင်းဝင်လာလို့ ပျော်ဖို့သိပ်မကောင်းတဲ့ အကြောင်း ကိုယ်သိထားပါတယ်။ ဘယ်ရာသီမှာမဆို ကပိုကရိုလောကဓံတွေနဲ့ စိတ်ရှုပ်စရာဆိုတာ ရှိတာပဲ။ လှပတဲ့ ဆောင်းဝင်ချိန်ဆိုတာ ကင်မရာလှည့်စားမှု သက်သက်ပါ။
ရာသီဥတုဟာ မကြာခဏ ပြောင်းလဲတတ်ကြောင်းကို မယုံနိုင်လွန်းလို့ ဟာသလုပ်တဲ့သူတွေ ရှိမှာပဲ။ သူတို့လည်း ကံကောင်းကြပါတယ်။ အပြောင်းအလဲဆိုတာ မကောင်းတာရှိမှ အသစ်ကိုလိုချင်ရတာ မဟုတ်လား။ အားလုံး အရှိအတိုင်းချည်း ပြည့်စုံနေရင် ကမ္ဘာကြီးလည်း လည်ပတ်နေဖို့ လိုချင်မှလိုမယ်။
သစ်ရွက်လေးတွေ ကြွေသွားလိုက်ကြ၊ ရွက်နုသစ်တွေ ဝေဆာလာကြ၊ သစ်ကိုင်းခြောက်တွေလည်း လှတယ်။ သစ်ငုတ်တိုတွေလည်း လှတယ်။ ရိုးပြတ်တောနောက်က ခြောက်သွေ့တဲ့မြင်ကွင်းဟာလည်း ဆွေးချင်လောက်အောင် ဆွဲဆောင်ပြန်တာပဲ။
မိုးသားတွေ စကားနည်းတာဟာ အများကြီး မြင်ဖူးလို့ ဖြစ်မယ်။ အဝေးကြီး ရောက်နေလို့လည်း ဖြစ်နိုင်တယ်။ ပျော်ရွှင်ခြင်းကို ရှာဖွေရင်း ပုံသဏ္ဌာန်မျိုးစုံ ပြောင်းတဲ့ခါ နေရာများစွာကို ရောက်ရတယ်။ အရာမျိုးစုံနဲ့ တွေ့ရတယ်။ မြင်ခြင်း၊ မမြင်ခြင်းတွေကို စိတ်ပျက်တဲ့အခါ သူတို့မှာ ဟာသတွေကို ငိုငိုပြီး ပြောနေတော့တာပဲ။
နေရောင်ခြည်ဟာ နွေးချင်မှ နွေးမယ်။ ပူချင်လည်း ပူမယ်။ လေပြေညင်းလေး တသွေးသွေးဟာ မီးလောင်ရာကို ပင့်နေတာလည်း ဖြစ်သွားနိုင်တာပဲ။ လေထဲလွင့်လာတဲ့ သဲမှုန်တွေကို ကျေးဇူးတင်ပါတယ်။ ဘယ်အခါမဆို နာကျင်မှုတွေ ပျောက်သွားမှ မနာကျင်တော့ဘူးဆိုပြီး ဝမ်းသာခွင့်ရတယ်။
တစ်နေ့များ မိုးပြိုမလားလို့ ကြိုတွေးပူပန်နေတာဟာ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ခြင်း။ မိုးကောင်းကင်ဟာ ဘယ်တော့မှ ပြိုမလာပါဘူး လို့ ထင်တာဟာလည်း စိတ်ကူးယဉ်ခြင်းပဲ။ ဘယ်မိုးနတ်မင်းမှ ကောင်းခြင်းဆိုးခြင်းတွေကို တမင်တကာ ပစ်မချပါဘူး။ ဘယ်ရာသီရောက်ရောက် ကိုယ့်အိမ်အမိုးကိုယ် လုံအောင်ဂရုစိုက်ပါစေ။ အပြင်သွားမယ်ဆိုရင်လည်း ထီးလေးဘာလေး ဆောင်သွားနိုင်ရင် အဆင်ပြေမှာပါ။
// ရွှန်းမီ //

0 comments:
Post a Comment