အနောက်သို့ ခရီးသွားမှတ်တမ်း ၂
တချို့အကြောင်းတွေကို ပြန်မပြောချင်လို့ မေ့ဖို့ကြိုးစားပေမဲ့ မေ့မရသေးပါဘူး။ မမေ့နိုင်တဲ့ လွမ်းစရာတွေက အပြန်ခရီး လေယာဉ်ပေါ် တက်ကတည်းက စတာပါပဲ.. မြန်မာဆန်ဆန် လေယာဉ်ပေါ်မှာ တိုးဝှေ့ထိုင်ခုံလုခံရတာ ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးလိုက်တယ်။ လေယာဉ်ကြီးက မထိုင်ရသေးခင် မစောင့်ဘဲ မောင်းပြေးမှာစိုးလို့နဲ့ တူပါတယ်။ နဖူးကွဲဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့လို့နေမှာပဲလို့ ဖြည့်တွေးပြီး နားလည်ပေးလိုက်ရပါတယ်။
ဖြစ်ချင်တော့ ကိုယ့်ဘေးမှာထိုင်တဲ့လူ၊ သုံးနာရီလောက် သည်းခံရမယ့်သူ ဖြစ်နေတာကြောင့် စောစောက မျက်စောင်းမထိုးမိတာ ကံကောင်းပါတယ်ပဲ ပြောရမလားပဲ။
သည်လိုနဲ့ လေယာဉ်ဘတ်စ် ကျပ်ကျပ်ကလေးသည် အချိန်နှေးမှထွက်၊ အချိန်နောက်ကျ ရောက်ရှိပြီး လာကြိုသူတို့ ငြိုငြင်စွာ ဆူပူခြင်းကိုရောက်ရောက်ခြင်း ခံစားရပါတော့တယ်။ အချိန်က အရေးကြီးတယ် မဟုတ်လား။ အပြောင်းအလဲတေွ သိပ်များနေရင် ကိုယ့်အိမ်ကိုယ် မပြန်တတ်တော့မှာစိုးလို့ ပြန်လာတာပေမဲ့ သိပ်မပြောင်းလဲတာတွေ အများကြီး တွေ့ရတယ်၊ ပြောင်းလဲသွားတာတွေလည်း ပြောင်းသင့်တာကြာရောပေါ့လို့ တွေးမိပါတယ်။ ပြောင်းလဲနေလောက်ပြီ ထင်ပေမဲ့ အရင်တိုင်းပဲလို့ ခံစားရတာတော့ မွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်ကြီးပေါ့။
အရင်တုန်းကလို ရွှေကျောင်းပြောင်ပြောင်လို့ မထင်ရတော့ပေမဲ့ မဟူရာစံအိမ်အဖြစ် ခံ့ငြားနေတုန်းပါပဲ။ အိမ်မှာ လူနည်းသွားပြီဆိုတော့ ညနေခင်းဆို တံခါးတွေ အစောကြီးပိတ်တယ်။ ရှေးပုံစံ သစ်သားရွက်တွေနဲ့ ဆိုတော့ အိမ်ထဲမှာ မီးထွန်းထားလည်း အပြင်ကနေကြည့်ရင် ပန်းခြုံတွေနောက်မှာ ခပ်တည်တည်ထိုင်နေတဲ့ အိမ်မှောင်မှောင်ကြီး ပေါ့လေ။ အိမ်ထဲမှာတော့ တံခါးတိုင်းနောက်မှာ အစောင့်တွေရှိတယ်။ ပင့်ကူရယ်၊ အိမ်မြောင်ရယ်၊ ပုရွက်ဆိတ်ရယ် သူ့အဆင့်အလိုက် မဟူရာစံအိမ်ကြီးကို စောင့်ရှောက်ကြတာပေါ့။
စံအိမ်တော်ရဲ့ထုံးစံ ရောက်ရောက်ချင်းမှာ လက်ဝတ်ရတနာ ဝတ်မလာတဲ့အတွက် အဆူခံရပါတယ်။ ခရီးသွားရင် အဆင်ပြေသလို ပေါ့ပေါ့ပါးပါး ဝတ်စားမှုအတွက်လည်း အပြစ်ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အကြာကြီးခွဲပြီး ပြန်တွေ့တဲ့အခါ လှလှပပလေး ပြင်ဆင်လာသင့်တာပေါ့နော်။ လှည်းနဲ့သာလာရင် ဇရပ်မှာ ရေချိုးခဲ့ရမယ်။
ဤနှယ်ထိုနှယ်သော အကြောင်းများစွာနဲ့ပဲ . . . တကျွီကျွီ ချော့သိပ်တတ်တဲ့ တံခါးချပ်တွေရဲ့သီချင်းကို အောက်မေ့ဖွယ် ပြန်နားထောင်ခဲ့ရပါတယ်။
1 comments:
Tell the မဟူရာစံအိမ် People, U didn't wear the jewellery because u want to be saved :lol :PPP
I like the setence that is ပြောင်းလဲသွားတာတွေလည်း ပြောင်းသင့်တာကြာရောပေါ့လို့ တွေးမိပါတယ်။
Post a Comment