Wednesday, September 14, 2011

The Princess & the Pea

မင်းသမီးစစ်စစ်

မင်းသားတစ်ပါးပေါ့။ သူက ကြင်ယာတော်ကောက်ဖို့ မင်းသမီးလိုက်ရှာခဲ့တယ်။ သူရှိစေချင်တဲ့ အရည်အချင်းက တစ်ခုပဲ။ သူ့ရဲ့ ကြင်ယာလောင်းဟာ မင်းသမီးစစ်စစ်တစ်ပါးသာ ဖြစ်ရမယ် တဲ့။

သူ တိုင်းပြည်တကာကို လျှောက်သွားတယ်။ မင်းသမီးဆိုတဲ့ မိန်းကလေးတွေ အများကြီးနဲ့ တွေ့ခဲ့တယ်။ ဒါပေမဲ့ မကျေနပ်စရာ တစ်ခုခုကိုတော့ တွေ့မိနေခဲ့တယ်။ 'မဟာဆီမဟာသွေးပါ' ဆိုလာတဲ့ မိန်းကလေးတွေကို မင်းမျိုးနွယ်အစစ် ဟုတ်မဟုတ် စုံစမ်းစိစစ်ရတာ တော်တော်မလွယ်တဲ့အလုပ်ပါပဲ။ မင်းသမီးဆိုပေမဲ့ မင်းသမီးမဆန်တဲ့ အပြုအမူ၊ အမူအရာ တစ်ခုမဟုတ်တစ်ခု သူတို့မှာ ရှိနေခဲ့တယ်။

နောက်ဆုံးမှာ မင်းသားဟာ သူ့နန်းတော်ကို ပြန်လာတယ်။ မင်းသမီးစစ်စစ်ဆိုတာ မရှိတော့ဘူးလားလို့ သူ့ခမျာ စိတ်နှလုံးမသာမယာ ဖြစ်နေခဲ့ရတယ်။

တစ်ညနေ၊ နန်းတော်ရှိရာတဝိုက်မှာ မိုးသက်လေပြင်းကျခဲ့တယ်။ မိုးကြိုးတဝုန်းဝုန်း၊ လျှပ်စီးတဝင်းဝင်းနဲ့ မိုးစက်မိုးပေါက်ကြီးတွေ သည်းသည်းထန်ထန် ရွာသွန်းနေခဲ့လို့ ညနေခင်းဟာ ကြောက်စရာကောင်းတဲ့ညနက်လို ဖြစ်နေတယ်။

မုန်တိုင်းကြားမှာပဲ နန်းတော်ရှိရာ မြို့ရိုးတံခါးကို ဧည့်သည်တစ်ဦး လာခေါက်တယ်။ မင်းသားရဲ့ ဖခင်၊ ဘုရင်ကြီးက မြို့တံခါးဖွင့်ဖို့ အမိန့်ပေးပြီး ဝင်ခွင့်ပေးခဲ့ပါတယ်။

ဧည့်သည်ဟာ မိန်းကလေးတစ်ဦး၊ သူကိုယ်တိုင်ရဲ့ အပြောအရ မင်းသမီးတစ်ပါး ဖြစ်ပေမဲ့ မိုးထဲလေထဲ ရောက်လာတာမို့ နန်းတွင်းမျက်စိနဲ့ ဘယ်လိုမှ ကြည့်မကောင်းဘူး ဖြစ်နေတယ်။ သူမရဲ့ ဆံပင်တွေ၊ အဝတ်အစားတွေဆီကနေ ရေစက်တွေ ချောင်းလိုစီးထွက်လို့၊ သူမရဲ့ ဖိနပ်ပေါ်ကို ရေစက်တွေ ပြန်ကျ၊ ဖိနပ်အောက်ထဲကနေ ရေတွေပြန်ထွက်နဲ့ ကြွက်စုတ်မင်းသမီး ဖြစ်နေရှာတော့တယ်။

"အေး၊ သူပြောတာဟုတ်မဟုတ် မကြာခင် သိရမှာပေါ့။" မင်းသားရဲ့မိခင်၊ မိဖုရားကြီးက သူ့အတွေးအကြံနဲ့သူမို့ ဘာမှဝင်မပြောဘဲနေတယ်။ နောက်မှ ဧည့်သည်မင်းသမီးအတွက် အိပ်ခန်းကို သူကိုယ်တိုင် ဝင်ပြင်တယ်။ မိန်းကလေးအိပ်မယ့် အိပ်ရာပေါ်က အခင်းတွေ၊ မွေ့ယာတွေ ဖယ်စေပြီး ကုတင်ပျဉ်ပေါ်မှာ ပဲစေ့တစ်စေ့ကို သွားထားလိုက်တယ်။ အဲ့သည်နောက်တော့ ပဲစေ့ပေါ်ကနေ အနူးညံ့ဆုံးမွေ့ယာ အထပ်နှစ်ဆယ်လောက် ခင်းတယ်။ မွေ့ယာတွေပေါ်ထပ်ပြီး ဂွမ်းစောင်နုနုတွေ အများကြီး ခင်းထားလိုက်ပြန်တယ်။

မိဖုရားကြီး ပြင်ပေးခဲ့တဲ့ နေရာမှာ ဧည့်သည်မင်းသမီး အိပ်စက်ခဲ့ရတယ်။ မနက်ကျတော့ မင်းသမီးကို ကောင်းကောင်းအိပ်လို့ပျော်ရဲ့လား လို့ ဝိုင်းပြီးမေးကြတယ်။ "အို.. သိပ်ဒုက္ခများတာပဲ" မင်းသမီးက ဖြေတယ်။
"တစ်ညလုံး မှေးလို့တောင် မရဘူး။ အိပ်ရာစောင့်နတ်မှသာ မွေ့ယာခင်းအောက် ဘာဝင်ခုနေမှန်း သိနိုင်မှာပဲ။ မာကျောတဲ့ အရာတစ်ခုခု အိပ်ရာအောက်ထဲမှာ ရောက်နေပုံရတယ်။ လူးလှိမ့်လွန်းလို့ တစ်ကိုယ်လုံးကိုက်ခဲပြီး မျက်တွင်းညိုနေတာသာ ကြည့်ပါတော့။ သိပ်ဒုက္ခများတာပဲ။"

မင်းသမီး ပြောဆိုပုံကိုကြည့်ပြီး မင်းသားနဲ့ သူ့မိဘတွေဟာ သူမကတော့ဖြင့် မင်းသမီးအစစ်ပဲ လို့ သိလိုက်ကြတယ်။ သည်လောက် နူးညံ့တဲ့အခင်းတွေ အထပ်ထပ်ခင်းပေးထားတာတောင်မှ ဟိုးအောက်ဆုံးက ပဲစေ့လေး ခုခံနေတာကို ခံစားသိနိုင်တယ်။ သည်လောက် နူးညံ့စူးရှစွာ အာရုံခံစားနိုင်စွမ်းရှိတာ မင်းသမီးအစစ်ပဲပေါ့။
သည်မင်းသမီးကိုပဲ မင်းသားဟာ သူ့ကြင်ယာအဖြစ် ရွေးလိုက်တယ်။ သူလိုချင်တဲ့ နန်းသွေးစစ်စစ်ရဲ့ အရည်အချင်းမျိုးတွေရှိလို့ ကျေနပ်နေသတဲ့။ သူ့ရဲ့ကြင်ယာ ဖြစ်သင့်၊ မသင့် စမ်းသပ်ရာမှာ သုံးခဲ့တဲ့ ပဲစေ့လေးကိုလည်း နန်းတော်ရဲ့ပြတိုက်ထဲမှာ တခမ်းတနားသိမ်းထားခဲ့တာ အခိုးမခံရခင်အထိပါပဲ။

ဒါဟာ ဖြစ်ရပ်မှန်ပုံပြင်ပါလို့ မူရင်းရေးသူ Hans Christian Andersen က ဆိုတယ်။

- - - translated by ShwunMi - - -

အတွေးမှတ်ချက်

စာရေးသူဟာ သူ့ပုံပြင်ထဲက မင်းသမီးတွေ ချမ်းသာတာ၊ ချောမောလှပါတာ၊ ယဉ်ကျေးပြီး စိတ်ကောင်းရှိတာတွေကို လူတွေလိုက်တုကြ၊ လိုက်လှောင်ပြောင်ကြ ဖြစ်လာတဲ့အခါ ချေပလိုတာကြောင့်များ သည်ပုံပြင် ရေးခဲ့သလားလို့ တွေးမိတယ်။ မင်းသမီး ဆိုတာ စိတ်ကူးယဉ်ပုံပြင်ထဲမှာသာ လှတဲ့အပိုင်းပဲ ရွေးမြင်ယောင်ကြည့်လို့ရတာ။ လက်တွေ့မှာ မင်းသမီးဆိုတာ မွေးကတည်းက နူးညံ့သိမ်မွေ့အောင် သင်ကြားခံရတာမို့ ချို့ယွင်းချက်တွေနဲ့ ကြုံလာရင် သူများထက်ပိုပြီး ခံစားတတ်ရတယ်။ သာမာန်လူတွေလို လွယ်လွယ်ကူကူ အသက်ရှင်ခွင့် သူတို့မှာ မရှိကြဘူး။

သူဟာ မင်းသမီးအဖြစ်ကို စိတ်ကူးယဉ်မနေသင့်ဘူးလို့ သာမာန်အရပ်သူတွေကို သတိပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သာမာန်ဘဝမှာ ဘာစားစား၊ ဘယ်နေရာအိပ်အိပ်၊ အသက်ရှင်လို့ရရုံနဲ့ ကျေနပ်နိုင်တာတွေ အများကြီးပဲလေ။ ပဲတစ်စေ့လောက် အကြိတ်အခဲလေး မွေ့ယာအောက် ရှိနေတာကို တစ်ညလုံး အိပ်မရတဲ့အထိ ဘယ်သူ့ကိုမှ ခံစားစေချင်မယ် မထင်ဘူး။

တကယ်တန်း လူသားတွေကို အုပ်ချုပ်ရတဲ့ မင်းမျိုးနွယ်တွေမှာတော့ အသေးစိတ်ထိဆင်းပြီး ခံစားမှုရှိမှလည်း တိုင်းသူပြည်သားတွေအတွက် ကူစဉ်းစားပေးနိုင်မှာဖြစ်ပါတယ်။ ပြဿနာဟာ ပဲစေ့လေးတစ်ခုလောက်ပဲ ဆိုပြီး ဂွမ်းစောင်အထပ်ထပ်ပေါ်မှာ အိပ်မောကျနေရင် ဘယ်အဆင်ပြေပါ့မလဲ။ နူးညံ့စူးရှတဲ့ ခံစားမှုရှိသူတွေက ဒုက္ခအများကြီးခံပြီး ဆူးညောင့်တွေကို ကြိုးစားဖယ်ရှားစေချင်တဲ့ စေတနာလည်း ပါမယ်ထင်ပါတယ်။

- - - written by ShwunMi - - -

ပုံပြင်တစ်ခုဟာ အတွေးပေါင်းများစွာကို ဆင့်ပွားပေးစေတဲ့အတွက် ပဲစေ့ဟောင်းလေးကို ရှာတွေ့ခဲ့ရင် မူလနေရာမှာပြန်ပြီး တခမ်းတနား သိမ်းထားသင့်ပါတယ်။

4 comments:

Anonymous said...

ပုံပြင်လေးကတော့..
ဒါပါပဲရှင်..။

ပုံ..။
မူလပထမ မင်းသမီးစစ်စစ်
မောက်သမီးပင်း

ပေါ့ဆိမ့် said...

ပုံပြင်လေးက အသက်ပါတယ်... မတူညီတဲ့ ရှုထောင့်ပေါင်းစုံ အတွေးပေါင်းစုံကို ပေးနိုင်တယ်နော် ..
မင်းသမီးပဲဖြစ်ဖြစ်၊ သူဆင်းရဲပဲဖြစ်ဖြစ် ခံစားမှုတော့ လူတိုင်းကိုယ်စီ ရှိကြမှာပါ။ ဘယ်သူဖြစ်ဖြစ် ဖြစ်လာတဲ့ ဒုက္ခကို ခံစားရရင် ကာကွယ်ဖို့ နည်းလမ်းကို အမြန်ဆုံး ရှာသင့်ပါတယ် ...
ပထမဆုံးလာရောက်ဖြစ်ပါတယ်
ခင်မင်စွာဖြင့်
ဆင်တဲကဖေး

Craton said...

သာမန်*

ပုံပြင်ကိုအရင်ကဖတ်ဖူးတယ်။ ပုံပြင်အောက်ကအတွေးကိုတော့ ခုမှတွေးဖူးတယ်။း)

လွမ်းသုရင် said...

Yes... I'll keep it when I find :)