Monday, July 4, 2011
What ... if
တကယ်လို့သာ
WHAT is this life if, full of care,
We have no time to stand and stare?—
အဖြူအစိမ်းကျောင်းမှာတုန်းက သင်ရဖူးတဲ့ ကဗျာလေးကိုသတိရမိတယ်။ ခဏရပ်ကြည့် ငေးမောခွင့်ဟာ အခြားအရာတွေထက် ပိုပြီးမက်သောသင့်တဲ့အရာ လို့ နားလည်ခဲ့ပါတယ်။ လူတိုင်း နေ့စဉ်ကြုံတွေ့ရတဲ့ ဘဝတွေမှာ မွန်းကျပ်ပေမဲ့ စိတ်ပြေလက်ပျောက်ငေးမောစရာ အလှအပတွေလည်း ရှိတယ်။ ခဏတဖြုတ် ရပ်ကြည့်ပေးဖို့ပဲ လိုတာပါ။
---
တကယ်လို့သာ ကြောင်လေးတစ်ကောင် ဖြစ်ခဲ့မယ်ဆိုရင် ခဲပြာရောင်ကြောင်လေး ဖြစ်ချင်တယ်။ ခဲပြာရောင်ဟာ လမ်းကြိုလမ်းကြားတွေထဲမှာ မာနမရှိဘူး။ အဖြူဆွတ်ဆွတ်ကြောင်တွေလို သူဌေးသိပ်ဆန်နေတာမျိုး၊ အနက်ရောင်ကြောင်တွေလို လူမုန်းများပြီး အထင်လွဲခံရတာမျိုးတွေ မလိုချင်ပါဘူး။ လိမ္မော်ရောင်၊ အဝါရောင် ကြောင်ကလေးတွေလည်း ချစ်ဖို့ကောင်းကြပါတယ်။ ချစ်စရာလေး၊ လှလိုက်တာဆိုပြီး သူများတေွက စိတ်ဝင်တစား လိုက်ကြည့်မှာကိုလည်း မလိုချင်ပြန်ဘူးလေ။ ခဲပြာရောင်ကြောင်လေးတစ်ကောင်သာဆိုရင် ပုံမှန်လောက်ပဲမို့ ပိုဂရုစိုက်တာတွေ၊ ပိုအမြင်ကပ်တာတွေနဲ့ ဝေးရာမှာ အေးအေးဆေးဆေး နေစာလှုံနေရမှာပဲ။
---
တကယ်လို့သာ ဓားတစ်လက် ဖြစ်ကိုဖြစ်ရမယ်ဆိုရင် ထမင်းစားစားပွဲပေါ်က ထောပတ်သုတ်တဲ့ဓားလေး ဖြစ်ချင်တယ်။ စားပွဲသုံးဓားတစ်လက်ဟာ သိပ်ထက်မြက်နေဖို့ မလိုအပ်သလို၊ ကြောက်စရာလည်း မဟုတ်တော့ဘူးလေ။ ဘယ်သူ့မှ မခုတ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ လူပေါင်းများစွာကို ခုတ်ပစ်ခဲ့တာပဲြဖစ်ြဖစ်၊ စစ်ပွဲသုံးဓားတစ်လက်လို အေးစက်မာကျောနေရမှာကို မုန်းမိတယ။ အသုံးဝင်ပြီး ထက်မြက်တဲ့ ဓားအမျိုးပေါင်းများစွာလည်း သူ့သဘောသူဆောင်ကြမှာပါပဲ။ ချွန်မြတဲ့ဓားဦးတွေ၊ ထက်ရှတဲ့ ဓားသွားတွေနဲ့ မတော်တဆမှုတွေ မဖန်တီးချင်ဘူး။ တခြားအရာတွေ ခုတ်ရင်းဖြတ်ရင်းနဲ့ ကိုယ့်ပြန်ထိခိုက်နေမှာကိုလည်း မလိုလားဘူး။ အသွားပြေပြေနဲ့ ချစ်စရာ ထောပတ်ဓားလေးဆိုရင် နေ့စဉ်စားသောက်တဲ့အဆီနဲ့ ထိတွေ့နေရလို့ သံချေးတက်ခံရမှာလည်း မစိုးရိမ်ရဘူးလေ။
---
တကယ်လို့သာ ပန်းပင်တစ်ပင် ဖြစ်ရဦးမယ် ဆိုရင် ပြတင်းပေါက်တစ်ခုခုဆီက လှမ်းမြင်ရတဲ့နေရာမှာ ဖြစ်ချင်ပါတယ်။ ပြတင်းပေါက်နားမှာ ပန်းပင်တွေ စီရီစိုက်ထားတဲ့ အိမ်လေးတွေကို သဘောကျတယ်။ ကွင်းပြင်ကျယ်လို၊ တောအုပ်လေးလို၊ ပန်းပွင့်ရှိနိုင်တဲ့ နေရာတိုင်းမှာ ပန်းပွင့်လေးတွေက လူတွေကို ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်ပေးတယ်။ ပန်းခင်းတွေ ပန်းခြံတွေဆီ မရောက်ဖြစ်လည်းပဲ ပန်းပင်တစ်ပင် ရှင်သန်နေတာကို မြင်လိုက်ရတဲ့ ပျော်ရွှင်မှုမျိုး တိုက်အိမ်ထဲကလူတွေက ပိုလိုအပ်ပါတယ်။
---
တကယ်လို့သာ အင်းဆက်တွေနဲ့ စကားပြောနိုင်စွမ်း ရှိမယ်ဆိုရင် ပိုးဖလံတွေနဲ့ စကားပြောကြည့်ချင်ပါတယ်။ မီးရောင်ဆီမှာ ဘာကိုလိုချင်လို့ အတင်းဝင်တိုးကြသလဲ မေးချင်တယ်။ မီးလျှံကိုတိုးလို့ အကျိုးမရှိဘူးဆိုတာ သိအောင်ပြောပြချင်ပါတယ်။ အနွေးဓာတ်လိုတာလား၊ အလင်းရောင်လိုတာလား? အကြောင်းတစ်ခုခုနဲ့ ဖြစ်မှာပါ။
ပိုးစုန်းကြူးလို ဖြစ်ချင်လို့ မီးသွားညှိတာပါ ဆိုရင်တော့ မေးရကျိုးမနပ် ဖြစ်မှာပဲ။
---
တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် သစ်ရွက်ကြွေတွေကို လိုက်ဖမ်းပြီး ရေတွက်ထားချင်တယ်။ တစ်စက္ကန့်ကို သစ်ရွက်တစ်ခုလို့ ထားလိုက်ရင် ကြွေသွားတဲ့ သစ်ရွက်တွေနဲ့ ကုန်သွားတဲ့အချိန်တွေ အတူတူပဲ ရှိနေမလား? ကြွေပြီးတဲ့ သစ်ရွက်တစ်ရွက်ဟာ ကမ္ဘာဂြိုလ်ဖြတ်သန်းခဲ့တဲ့ တစ်က္ကန့်ကို ကိုယ်စားပြုလောက်အောင် များနေမယ်ထင်တယ်။ ကမ္ဘာကြီးရဲ့ သက်တမ်းဟာ တစ်စက္ကန့်ကို သစ်ရွက်ကြွေတစ်ခု နှုန်းနဲ့ သွားနေတယ် ဆိုပါတော့။ ကမ္ဘာမြေပေါ်မှာ ကြွေစရာသစ်ရွက်တွေ နည်းသွားပြီဆိုရင် ..
---
တကယ်လို့သာ စိတ်ကူးတစ်ခုစီတိုင်းဟာ စာပိုဒ်တစ်ပိုဒ်စီ ဖြစ်လာမယ်ဆိုရင် ...

2 comments:
ကျောင်းတုန်းက သင်ခဲ့ရတဲ့ အဲ့ဒီ ကဗျာလေးကို ရို့စ်လည်း မှတ်မိတယ်။ ကြောင်လေး တစ်ကောင် ဖြစ်ချင်တာရယ်၊ ဓားတစ်လက် ဖြစ်ရမယ် ဆိုရင်ရယ်၊ ပန်းပင် တစ်ပင် ဖြစ်ရမယ်ဆို၊ အင်းဆက်တွေနဲ့ စကား ပြောနိုင်မယ်ဆိုရင်၊ သစ်ရွက်ကြွေတွေကို ရေတွက်နိုင်မယ်ဆိုရင်... အားလုံး သေချာ ဖတ်သွားတယ်။ စာပိုဒ်လေးက ချစ်စရာ သိပ်ကောင်းတယ်။ တကယ်လို့...
ညလေး.. စာတွေဖတ်လို့ ရသေးဘူး :'( ဇော်ဂျီဖောင့်နဲ့ မေးလ်ထဲပို့ပေးမှ ရမှာ။ ပို့ပေးချင်ဘူးလား...
Post a Comment