Dinner လို့ ပြောလိုက်ရင် အများစုက ညစာ လို့ပဲ မှတ်ထင်သွားတတ်ပါတယ်။ တကယ်တော့ ဒီအသုံးအနှုန်းဟာ တချို့ဘာသာစကားတွေလို နံနက်စာ၊ နေ့လည်စာ၊ ညစာ ဆိုပြီး စားတဲ့အချိန်အလိုက်သုံးတဲ့ အခေါ်အဝေါ်မျိုး မဟုတ်ပါဘူး။
တချို့လူမျိုးတွေရဲ့ ထုံးစံမှာ အစားအသောက်ကို အချိန်ပိုင်းခြားအလိုက် ခေါ်တာ ရှိသလို တချို့ကတော့ အနည်းအများလိုက်ပြီး ခေါ်ကြပါတယ်။ Dinner ဆိုတာ တစ်နေ့တာမှာ အကောင်းဆုံး ကျကျနနစားတဲ့ တစ်နပ်ကို ဆိုလိုတာြဖစ်ပါတယ်။ ညစာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ တခါတလေမှာလည်း နေ့လည်ခင်းမှာ ကောင်းကောင်းမွန်မွန် စားသောက်ကြမယ်ဆိုရင် Dinner စားမယ်လို့ ပြောတတ်ကြပါတယ်။
Dinner ဆိုတာ မူလအစတုန်းက ရှေးဟောင်းပြင်သစ်ဘာသာနဲ့ Disner (နံနက်ခင်းစာ) ကို ခေါ်တာ ဖြစ်ပါတယ်။ Dis-ieiunare (undo-hunger) ဆိုတဲ့ လက်တင်စကားကနေ ဆင်းသက်လာတယ်။ ဆာလောင်မှုကိုငြိမ်းအေးစေခြင်း လို့ ဆိုလိုပါတယ်။ ညအိပ်နေချိန် တစ်လျှောက်လုံး ဘာမှမစားဖြစ်ခဲ့ရာက ပြန်လည်ဗိုက်ဖြည့်တာကို ရည်ညွှန်းတယ်။ Breakfast နဲ့ Dinner က အဓိပ္ပါယ်အတူတူပါပဲ။ အင်္ဂလိပ်လိုမှာတော့ အချိန်အပိုင်းအခြားတစ်ခု အစာမစားဘဲနေတာကို fasting လို့ပြောကြပြီး၊ အစာပြန်စစားတဲ့အကြိမ်ကို Break-fast-meal လို့ ခေါ်ခဲ့ကြပါတယ်။
တစ်ခါတုန်းကတော့ သူတို့တွေဟာ နံနက်နိုးလာတာနဲ့ တစ်ညလုံး မစားဘဲ နေခဲ့ရာကနေ တစ်နေ့လုံးအဆာခံအောင် များများစားပစ်လိုက်ကြပုံ ရပါတယ်။ ညနေစောင်းမှ အိပ်ယာထပြီး ဘရိတ်ဖတ်စ် နဲ့ ဒင်နာ ပေါင်းစားတာတော့ ဟုတ်ပုံမရပါဘူး။ ဒါပေမဲ့ နေထိုင်မှုဓလေ့တွေ ပြောင်းလာတာနဲ့အမျှ ဒင်နာဟာ တဖြည်းဖြည်း နောက်ကျလာပါတယ်။ နံနက်စောစောကို မြန်မြန်အရင်စားပြီး နေ့လည်လောက်မှ ကျကျနန ပြင်ဆင်စားသောက်ဖို့ ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဒင်နာကို ဒင်နာလို့ပဲ ဆက်ပြီးခေါ်ခဲ့ကြပါတယ်။
အင်္ဂလိပ်လိုမှာ စားတဲ့အချိန်ကိုကြည့်ပြီး ခေါ်တာ Supper နဲ့ Lunch ပဲရှိပါတယ်။ ညနေစာ (သို့မဟုတ်) တစ်နေ့တာရဲ့ နောက်ဆုံး အစားတစ်နပ်ကိုတော့ Supper လို့ ခေါ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ညနေစာကနေ ဒင်နာစားပြီး မအိပ်ခင်မှာ စားချင်ရင် ထပ်စားတဲ့ ညလယ်စာအဖြစ်ကို ရောက်သွားပါတယ်။ Lunch ဆိုတာ နေ့လည်နေ့ခင်း အဆာခံအောင်စားတဲ့အစာ mid-day-meal ကို ဆိုလိုပါတယ်။ ၁၈ ရာစုလောက်မှ breakfast နဲ့ ပိုနောက်ကျသွားတဲ့ dinner ကြားမှာ အစာစားဖြစ်တဲ့ ဓလေ့နဲ့အတူ ပေါ်လာတဲ့စာလုံး ဖြစ်ပါတယ်။
နိုင်ငံတကာက လူမျိုးစုံပါဝင်တဲ့ လုပ်ငန်းခွင်တွေမှာတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေကြောင့် နားလည်မှုလွဲတာတွေ မဖြစ်ရအောင် မွန်းတဲ့ချိန်၊ မွန်းလွဲခါစဝန်းကျင်မှာ စားရင် Lunch, ညနေခင်း ညဦးပိုင်းမှာ စားတဲ့အခါ Dinner လို့ပဲ သုံးစွဲကြပါတယ်။ ဒါပေမဲ့ အနောက်တိုင်းထုံးစံနဲ့ ကျင်းပတဲ့အခမ်းအနား ဖိတ်စာတွေမှာ အသုံးအနှုန်းမတူတာတွေ ဖြစ်လာတတ်ပါတယ်။ အနောက်တိုင်းရိုးရာကို လေးလေးစားစား လိုက်နာတဲ့သူတွေက နေ့လည်ခင်း ကျင်းပမယ့် မွေးနေ့ပွဲ၊ မင်္ဂလာပွဲတွေမှာလည်း ပြည့်ပြည့်စုံစုံဧည့်ခံကျွေးမွေးမယ် ဆိုရင် ဒင်နာကျွေးမယ် လို့ ရေးတတ်ကြပါတယ်။
အစားသောက်ကို စားချိန်နဲ့ သတ်မှတ်ပြီး နံနက်စာ၊ နေ့လည်စာ၊ ညနေစာ လို့ ခေါ်ကြတဲ့ အရှေ့တိုင်းသားတွေမှာ ဒင်နာဆိုရင် ညစာလို့ပဲ အလွယ်နားလည်ပါတယ်။ မတူညီတဲ့ ယဉ်ကျေးမှုတွေကနေ ဆင်းသက်လာတာမို့ နေ့ခင်းကြီး ဒင်နာကျွေးမှာလားလို့ မေးမိလည်း မျက််နှာပူစရာတော့ မရှိပါဘူး။ သူတို့တောင် နံနက်စာကို ညရောက်အောင် ပို့ပစ်သေးတာပဲလေ။ ဒင်နာစားဖို့ ဖိတ်လာတဲ့အခါ ဘယ်အချိန်ကျွေးတာမှန်း သေချာသိဖို့က ပိုအရေးကြီးတာပါ။
နံနက်စာကို ရှင်ဘုရင်လိုစားပါ ဆိုတဲ့ ဆိုရိုးစကားကို လိုက်နာမယ်ဆိုရင်တော့ ဒင်နာကို နံနက်စောစောမှာ စားတာက အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ သူလည်း တဖြည်းဖြည်း နောက်ကျလာရာကနေ သန်းခေါင်ကျော်ပြီး နံနက် ပြန်ရောက်ချင်နေလောက်ပါပြီ။ လူတချို့ကတော့ ညနေစောစော အိပ်ယာထပြီး ဒင်နာစားကြပါတယ်။ အချိန်မှားနေလို့၊ အခေါ်အဝေါ်မှားနေလို့ အစားမစားရဘူး ဆိုတာတော့ မရှိပါဘူး။ ဆိုင်ပိတ်နေတာပဲ ဖြစ်တတ်ပါတယ်။
References:
http://en.wikipedia.org/wiki/Dinner
http://www.foodtimeline.org/foodfaq7.html#mealtimes
http://www.etymonline.com/index.php?search=dinner&searchmode=none
Saturday, July 9, 2011
Dinner was Breakfast
author
ShwunMi-
at
9:39 AM
Labels: Documentation
8 comments:
မူးတွားပီ. ရှင်းပြတာ.
ချာမလုပ်ပါလား။ အဟင့်။
မာမီက ဆရာမပါ မာမီရာ..
ဆရာမက မာမီပါ။ ^_^
လည်ထွက်သွားတာပဲ.....:)စတာ....
ဗဟုသုတလေး ရပါတယ်၊အင်း ဒင်နာလို့ရေးထားတိုင်း
ညနေမှသွားရင် ငတ်ပေါက်.....:)
:D အိုးဆေးဖူးတယ် ရှိအောင်ပေါ့ ကိုညိမ်းနိုင်ရာ..
အခုမှ ပဲသိတော့တယ် ကျေးဇူးဗျး)
သေချာမှတ်သားသွားပါတယ်..။
fasting လို့တော့ သုံးနှုန်းဖူးတယ်..။
ဥပုဒ်စောင့်ချိန်မှာပါ..။
ပေါက်
ဟုတ်တယ်မပေါက်.. fasting,နဲ့ breakfast ကို ဆက်စပ်မိတာတော့ ကြာပါပြီ..
ဟာ ခုမှသိတယ် ။ တယ်ဗဟုသုတများစေတဲ့ စာရေးသူပဲ။ ကျေးဇူး ညီမ။
Post a Comment