Saturday, July 30, 2011

Childrens Prattle

ကလေးစကား

ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဟာ သူ့အိမ်မှာ ကလေးလေးတွေအတွက် သီးသန့်ပါတီပွဲ လုပ်ပေးတယ်။ လူချမ်းသာအိမ် ဆိုတော့ အောင်မြင်ထင်ရှားသူတွေရဲ့ သားသမီးတွေ လာကြတာပေါ့။ ကုန်သည်ကြီးဟာ သူ့မိဘတွေက ကျောင်းထားပေးသလို သူကလည်း စာကောင်းကောင်းကြိုးစားလို့ ပညာတတ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အဖေဟာ အရင်ကဆိုရင် ကျွဲတွေနွားတွေ အရောင်းအဝယ်လုပ်ခဲ့ရပေမဲ့ ရိုးသားပြီး လုပ်ငန်းကျွမ်းကျင်တာကြောင့် စုဆောင်းမိလာသလို၊ သူ့သားဖြစ်သူလည်း အရောင်းအဝယ် စီမံတတ်ပြီး ကုန်သည်ကြီး ဖြစ်လာတယ်။

ကုန်သည်ကြီးဟာ ပညာတတ်မို့ စိတ်နှလုံးကောင်း ရှိပေမဲ့ ငွေကြေးကိုလည်း ပိုခုံမင်တယ်။ သူ့အိမ်မှာတော့ လူချမ်းသာတွေရော၊ ပညာတတ်တွေရော၊ ဂုဏ်သရေရှိ မိသားစုဝင်တွေ မကြာခဏ လာရောက်လည်ပတ်ကြပြီး၊ အဲ့လို ဂုဏ်ပုဒ်တွေ မပါတဲ့ သာမန်လူမျိုးလည်း တခါတလေ ရောက်လာတတ်တယ်။

ဒီလို ကလေးပါတီပွဲမျိုး လုပ်ပေးတဲ့အခါ ကလေးလေးတွေ သူတို့ချင်း အဖွဲ့ကျပြီး စကားတွေ ပြောနေကြတယ်။ ကလေးတွေဆိုတော့ စိတ်ထဲရှိသလို ထင်ရာမြင်ရာတွေ ပြောကြတာပေါ့။ သူတို့ထဲက ပန်းရောင်ဂါဝန်နဲ့ ချစ်စရာကလေးမလေး တစ်ယောက်ဟာ မာနခဲလေး ဖြစ်နေတယ်။ တကယ်တော့ ကလေးမရဲ့ မိဘတွေဟာ လူမှုရေးသိပ်နားလည်ပြီး ကလေးကို မာနကြီးအောင် သင်မထားပေမဲ့၊ သူတို့အိမ်က အလုပ်သမားတွေဝိုင်းမြှောက်ထားလို့ ဒီလိုဖြစ်နေတာပါ။

ပန်းရောင်မလေးရဲ့ အဖေဟာ မှူးမတ်မျိုးနွယ်ဝင်မို့ ရာထူးကြီးရှိတယ်၊ အရေးပါတဲ့လူတစ်ယောက်ြဖစ်တယ် ဆိုတာ ပန်းရောင်မလေး သိနေတယ်။ "ငါက မင်းစိုးရာဇာရဲ့ သမီးပဲ" သူ့ဘေးက ကလေးတွေကို ပြောပြနေတယ်။ တကယ်ဆို ကိုယ့်ကို မွေးလာမယ့်နေရာကို ဘယ်သူမှ ရွေးချယ်ခွင့်ပိုင်တာ မဟုတ်တဲ့အတွက် ပန်းရောင်မလေးဟာ ရာထူးနိမ့်သူတစ်ယောက်ဆီမှာလည်း မွေးချင်မွေးလာနိုင်တာပဲ။ ဒါပေမဲ့ သူမဟာ အိမ်ကအလုပ်သမားတွေ မြောက်ပေးတာကို စိတ်စွဲပြီး သူမလိုသာ မျိုးရိုးကောင်းတဲ့ကလေးမဟုတ်ရင် လူဖြစ်မှာမဟုတ်သလို ပြောဆိုနေတယ်။

ဂုဏ်သရေရှိ မျိုးနွယ်ဖွား မဟုတ်ဘူးဆိုရင် စာဘယ်လောက်တော်တော်၊ အလုပ်အကြောင်း ဘယ်လောက်သိသိ အလကားပဲတဲ့။ "ပြီးတော့ နာမည်မှာ 'ဆန်' နဲ့ ဆုံးတဲ့ လူတွေရယ်။ အဲ့လိုလူတွေဟာလည်း ဘာမှဖြစ်လာမှ မဟုတ်ဘူး" ဆိုပဲ။ ".. အဲ့လို အသုံးမကျတဲ့လူတွေ ကိုယ့်အနားမလာနိုင်အောင် လက်တွေကို ခါးမှာထောက်ပြီး တံတောင်ဆစ်တွေကို ဘေးချွန်ထားရမယ်။" ဆိုြပီး သူမလက်ကလေးတွေကို ဘေးကိုကားပြီး မိန်းမကြီးတစ်ယောက် ခါးထောက်ထားသလို သေချာလုပ်ပြနေတယ်။ ချစ်စရာကောင်းတဲ့ ကလေးလေးဆိုတော့ ဘယ်လိုလုပ်လုပ် ကြည့်လို့ကောင်းနေတာပါပဲ။

ကုန်သည်ကြီးရဲ့ သမီးလေး၊ အဖြူရောင်ကောင်မလေးကတော့ သူ့အဖေနာမည်ဟာ "ပီတာဆန်" မို့ အဲ့လိုပြောရပါ့မလား ဆိုပြီး အရမ်းစိတ်ဆိုးသွားတယ်။ အဖြူလေးက ကလေးလေးပေမဲ့ ပန်းရောင်မလေးရဲ့ စောင်းချိတ်ပြောစကားကို နားလည်တယ်။ သူမကလည်း ခေါင်းမော့ပြီး လေသံကျယ်ကျယ်နဲ့ "ဒီမယ်.. ဒီကဖေဖေဆိုရင် စျေးသိပ်ကြီးတဲ့ ပန်းပွားတွေ ဝယ်ပြီး ကလေးတိုင်းကို လက်ဆောင်ခေါ်ပေးနိုင်တယ်ကွ။ မင်းဖေဖေက အဲ့ဒါမျိုး လုပ်ပေးနိုင်လို့လား။" ဆိုပြီး မေးလိုက်တယ်။ ဖခင် ငွေကြေးချမ်းသာတာကို သူမလည်း ကြွားနိုင်တာပဲ။

အနီရောင်ဂါဝန်နဲ့ မိန်းကလေးတစ်ယောက်က ဝင်ပြောတယ်။ "ဟုတ်တယ်.. တို့ဖေဖေ ဆိုရင်လည်း မင်းဖေဖေရော၊ သူများဖေဖေတွေရောကို သတင်းစာထဲ ထည့်ရေးပစ်လို့ရတယ်နော်။ ဘယ်သူမဆို တို့ဖေဖေကို ကြောက်ရတယ်နော်။ သူ့သတင်းစာမှာ သူကြိုက်သလို ကောင်းကောင်းရေးနိုင်တယ်.. လို့ မေမေက ပြောပြတယ်။ ဟင်း.." အနီရောင်လေးက သူ့ကိုယ်သူ တကယ့်မင်းသမီးလေးလို မျက်နှာပေးမျိုးနဲ့ မာန်တက်ပြလိုက်တယ်။

ခန်းမကျယ်ရဲ့ အပြင်ဘက်မှာတော့ တံခါးကြားကနေ ချောင်းကြည့်နေတဲ့ ဆင်းရဲသားလေးတစ်ယောက် ရှိနေတယ်။ သူက အခြေအနေနိမ့်ကျလို့ ပါတီပွဲကျင်းပတဲ့အခန်းကို ဝင်ခွင့်မရဘူး။ ထမင်းချက်မိန်းမကြီးကို ကူညီပေးလို့ လှလှပပဝတ်စားပြီး ပျော်ရွှင်နေတဲ့ တခြားကလေးတွေကို တံခါးနောက်က ချောင်းကြည့်ခွင့်ရတာ သူ့အဖို့ ငွေထုပ်ကြီး ကောက်ရသလိုပဲ။ ကြည့်ရင်းနဲ့ အားကျလာပြီး "သူတို့လိုသာ နေရရင် .." ဆိုတဲ့ ကောင်လေးရဲ့အတွေး မဆုံးခင်မှာ ပန်းရောင်မလေး နာမည်အကြောင်းပြောတာကို ကြားလိုက်ရတော့ ပိုဝမ်းနည်းသွားတယ်။ သူ့မိဘတွေက စာတော်ဖို့ မပြောနဲ့၊ သတင်းစာတောင် ဝယ်နိုင်ဖို့ ငွေပိုမရှိကြဘူး။ ပိုဆိုးတာကတော့ သူ့အဖေနဲ့ သူ့နာမည်မှာလည်း ကောင်မလေးပြောတဲ့ "ဆန်" ဆိုတာ ပါနေတာပါပဲ။

တကယ်ပဲ သူတို့ပြောတဲ့ အတိုင်းဆို သူ့ဘဝမှာ ရှေ့တိုးတက်ဖို့ အလားအလာ မရှိဘူးပေါ့။ ဒါဟာ တော်တော်ဝမ်းနည်းစရာပဲ။ ဒါပေမဲ့ ဘာဖြစ်လဲ။ မိဘတို့၊ မွေးတဲ့နေရာတို့ ဆိုတာ ကိုယ်မမွေးခင် ရှိပြီးနေပြီပဲ။ သူဟာ ဒီလောကထဲမှာ မွေးဖွားလာခဲ့ပြီမို့ ရတဲ့ဘဝအခြေအနေမှာ အဆင်ပြေအောင် လိုက်နေရမှာပဲ။

ညနေခင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ ပါတီပွဲဟာ အချိန်တန်တော့ ပြီးဆုံးသွားပါတယ်။

နောက်နှစ်ပေါင်းများစွာ ဖြတ်ကျော်လာပြီးတဲ့အခါ ပါတီပွဲမှာ ရှိခဲ့တဲ့ ကလေးတွေဟာ ရင့်ကျက်သူတွေ ဖြစ်နေကြပါပြီ။

သူတို့မြို့ထဲမှာ ခမ်းနားတဲ့ အိမ်ကြီးတစ်ဆောင်ဟာ တန်ဖိုးကြီးအလှဆင်ပစ္စည်းတွေနဲ့ သိပ်ထည်ဝါတာပဲလို့ ပြောစမှတ်ပြုကြတယ်။ လူတိုင်း အိမ်ကြီးထဲက ပစ္စည်းတွေကို စိတ်ဝင်စားကြတယ်။ တခြားမြို့ရွာမှာ နေတဲ့သူတွေတောင် အိမ်ကြီးအိမ်ကောင်းနဲ့ အဖိုးတန်ပရိဘောဂတွေကို တကူးတက လာကြည့်ရတယ်။

ခမ်းနားတဲ့ အိမ်ကြီးဟာ ပါတီပွဲကျင်းပခဲ့တဲ့အိမ် လို့ဆိုရင် ပါတီညနေခင်းမှာ စကားပြောနေခဲ့တဲ့ ကလေးလေးတွေထဲက ဘယ်ကလေးရဲ့အိမ်ရယ်လို့ အလွယ်တကူ မှန်းနိုင်ပါ့မလား။ တကယ်တော့ လွယ်မယ်ထင်တဲ့ အရာတွေဟာ လောကမှာ အခက်ဆုံးပါပဲ။

ပါတီပွဲမှာ စကားများခဲ့တဲ့ ဂုဏ်သရေရှိမျိုးရိုးဖွားကလေး၊ ချမ်းသာကြွယ်ဝတဲ့ကလေး၊ စာပေသြဇာရှိသူရဲ့ကလေး.. သူတို့လေးတွေဟာ မိဘအရှိန်နဲ့ အားလုံးက လေးစားခဲ့ရပေမဲ့ အခုတော့ အရင်တုန်းကလို မာန်မဝင့်နိုင်တော့ဘူး။ ပါတီပွဲလုပ်ခဲ့တဲ့ အိမ်ကြီးဟာ အခုဆိုရင် တံခါးကြားက ချောင်းကြည့်ခဲ့တဲ့ သူဆင်းရဲလေးရဲ့အိမ် ဖြစ်နေပါပြီ။ အခုတော့ သူဟာ မဆင်းရဲတော့ဘူးပေါ့။ နာမည်ကျော်ပန်းပုဆရာ "သော်ဝယ်ဆန်" ဟာ အညတရမျိုးနွယ်ဖွား၊ စာပေနဲ့ဝေး၊ ငွေကြေးနွမ်းပါးတဲ့ အခြေအနေကပေမဲ့ သူ့ရိုးသားမှု၊ လုပ်ငန်းကျွမ်းကျင်မှုတွေကြောင့် အောင်မြင်ထင်ရှားလာတာပါပဲ။ တကယ်တော့ ဘယ်လိုလူစားမျိုးကဖြင့် အလကားပဲ ဆိုတာ အနာဂတ်ကို မမြော်မြင်နိုင်သေးတဲ့ ကလေးလေးတွေ ပြောတဲ့စကားလိုပဲ။ လေထဲပဲ မျောသွားမှာပါ။

- - - - -

မူရင်းပုံပြင် - ဟန်းစ် အန်ဒါဆန်
(ပုံပြင်ကို ရေးတဲ့သူ ကိုယ်တိုင်ကလည်း နာမည်မှာ 'ဆန်' ပါြပီး သူ့သူငယ်ချင်း နာမည်ကြီးပန်းပုဆရာ 'ဘာတယ်လ် သော်ဝယ်ဆန်' ရဲ့ ဘဝကို သရုပ်ဖော်ထားပါတယ်။ ဆရာအန်ဒါဆန်ဟာ ဝေဖန်ရေးတွေကြားက ပြေပြစ်လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ ပုံပြင်များစွာကို ရေးဖွဲ့ခဲ့ပါတယ်။)

မရွှန်းမီ မြန်မာလို ပြန်ရေးပါသည်။

5 comments:

ညိမ်းနိုင် said...

အန်ဒါဆန်ပုံလေးတွေသိပ်ကြိုက်..စဖတ်ကတည်းက ဒါ
အန်ဒါဆန်လေသံဆိုတာရိပ်မိတယ်..၊ဦးအံမောင်ဘာသာ
ပြန်တဲ့အတိုင်းပဲဗျ...ရွှန်းမီဘာသာပြန်ထားတာ...ကောင်း
တယ်..၊ကျွန်တော်ဒါလေးမဖတ်ဖူးဘူး..၊နောက်ရှိရင်လုပ်ပါ
ဦးဗျာ...

ပြည်ကောင်းအောင် said...

ပုံပြင်လေးဖတ်သွားတယ်။ ကြိုက်မိပါတယ်။ ဟုတ်တယ်။ ကလေးတွေမှာ ကိုယ့်မိဘကို assess လုပ်နိုင်တဲ့ ဥာဏ်ရည် တမျိုးရှိတယ်။ သူဌေး / အရာရှိ သားသမီး တွေက သူတို့အဖေတွေ superior than ordinary people ဖြစ်မှန်းသိကြပြီး အဲဒီအတွက် proud or self-confident လည်းဖြစ်ကြတာ ကိုတွေ့ရတယ်။ ဒါကြောင့် ကလေးတွေကို သိပ် အထင်သေးလို့ မရဘူးး))

Anonymous said...

ပုံပြင် ဖတ်သွားတယ်..။
ဒါမျိုးပုံပြင်ကို ကြိုက်တယ်။

ပေါက်

IT-KOKO said...

I like it so much... Really Nice

Younggun said...

ပုံပြင်တွေထဲက တော်တော်လေး ရ , သွားတယ်ဗျာ