“စုံစီနဖာ စာမျက်နှာ” ဆိုတာ မရွှန်းမီ သိမ်းဆည်းမျှဝေချင်တဲ့ အကြောင်းအရာများကို မှတ်မှတ်သားသား စိုက်ပျိုးခင်းကျင်းထားရာ လွင်ပြင်ကျယ်တစ်ခုပါ။

Sunday, November 1, 2009

နှစ်ထပ်အိမ်

ရေးဖူးတဲ့ဇာတ်လမ်းလေးတွေထဲမှာ အရှည်ဆုံးဖြစ်နေတဲ့ ဝတ္ထုတိုအရှည်ကြီးပါ။
ဘာလို့ဒီလောက်အရစ်ရှည်ရလဲလို့ ကိုယ့်ကိုကိုယ်ရစ်နေမိနဲ့ အချိန်တော်တော်ကြာသွားတယ်.. အစချီပြီး ပစ်မထားချင်လို့ ကြိုးစားပြီး ဆုံးအောင် ရေးလိုက်ရပါတယ်.. စာရေးနှေးတဲ့သူမို့ ဖြည်းဖြည်းဖတ်ကြပါ..


-နှစ်ထပ်အိမ်-


“ပတ်ဝန်းကျင်မှာ တိုက်အမြင့်ကြီးတွေ မရှိဘူး.. ”
မြို့ထဲမဟုတ် ဆင်ခြေဖုံးမဟုတ်ပေမယ့် လူခပ်ရှင်းရှင်း လမ်းကလေး။
“အလုပ်နဲ့ ဝေးပေမယ့် ကားဂိတ်ရှိတယ်.. အဆင်ပြေမှာပါ.. ”
ဖုန်ထူထူ လူမနေတာ ကြာနေပြီထင်တယ်။ “ဟိုအရင်ကတော့ ကြမ်းပြင်က အုတ်ခင်းဆိုတော့ တစ်အိမ်လုံးကော်ဇောခင်းထားပါတယ်.. ဒါပေမယ့် ဖုန်တွေသန့်ရှင်းရတာကို မခံနိုင်တော့ ပြန်ခွာလိုက်ကြတယ်.. ညီလေး.. ကော်ဇောပြန်ခင်းစေချင်ရင် ပြောပေးလို့ရပါတယ်.. ”
“နေပါစေ.. တစ်ယောက်ထဲ နေမှာ ဆိုတော့ အရေးမကြီးပါဘူးလေ..” “အေးကွ အိမ်က လူငှားမတင်ဘဲ ပိတ်ထားတာ ကြာပြီ.. မင်းက အေးအေးဆေးဆေးသမား ဆိုတော့ အဆင်ပြေလောက်ပါတယ်” ကိုပွဲစားက နောင့်ကို ဒီအိမ်ငှားဖြစ်စေချင်ပုံရတယ်..
တိုက်က ရှေးခေတ်ဆန်ဆန် နှစ်ထပ်အိမ်ပေမယ့် အပေါ်နဲ့အောက် ဆက်စပ်မနေဘူး..
အပေါ်ထပ်တွက် လှေကားနဲ့ အောက်ထပ်က အိမ်တံခါးနဲ့က ခပ်ဝေးဝေးမို့ လွတ်လွတ်လပ်လပ်နေနိုင်မယ့်ပုံ..
အခန်းလေးကို နောင့်စိတ်က သဘောကျသွားတာနဲ့ပဲ အိမ်နီးနားချင်းက ဘယ်သူလဲ ဘာလဲ ဆိုတာတွေတောင် မေးဖို့ မေ့ပြီး ငှားဖြစ်ခဲ့တယ်။

အကျိုးဆောင်အစ်ကိုက စေတနာကောင်းပါတယ်.. နောင့်အတွက်က အစ်မမိသားစုနဲ့ ခွဲပြီး လွတ်လွတ်လပ်လပ်နေဖို့ .. ပြီးတော့ အလုပ်လုပ်ရင်း စာလည်းရေးချင်တယ် ဆိုတော့ ဒီလိုနေရာမျိုးနဲ့ အဆင်ပြေလောက်မှာပါလေ..။
“အင်း... ကော်ဇောတွေ ခင်းမထားတော့လို့သာပဲ .. ဖုန်တွေခုလောက် ထူနေတာ ကော်ဇောရှိရင် မလွယ်ဘူးပဲ..”

အိမ်ကိုပြောင်းဖြစ်တဲ့ ပထမဆုံး ညနေမှာ အမိုးကြား အိမ်ဖွဲ့နေတဲ့ ခိုတွေညည်းသံကို သီချင်းအမှတ်နဲ့ နားထောင်ပြီး အခန်းရှင်းခဲ့တယ်။ သူတို့သာ အသံမပြုရင် ညနေခင်းဟာ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေမှာပဲ။ အိမ်က လူမနေတာကြာပြီပေမယ့် ပရိဘောဂအဖုံးတွေကြောင့် စားပွဲ၊ ထိုင်ခုံတွေ ကုတင်တွေကတော့ အဆင်ပြေနေသေးတယ်။ အဖုံးအအုပ်တွေဖယ်ပြီး ကြမ်းပြင်ကို ရှင်းလိုက်ရုံပဲ။ နောက်ဆုံး နေဝင်ချိန်ရောက်မှ ဝရံတာ ဖွင့်ကြည့်မိတော့ ခိုတွေကြောင့် ပေပွနေတာတွေ . . သူတို့ခြေလက်ရာတွေကို ရှင်းလိုက်ရတာ လူတော်တော် ပင်ပန်းသွားပါတယ်။ ခုချိန်ထိ အောက်ထပ်က ဘာသံမှမကြားရပုံထောက်ရင် လူမနေဘူးထင်တယ်။

ရေမိုးချိုး ထမင်းထွက်စားပြီး ပစ္စည်းတွေကို နေရာတကျထားဖို့ အိမ်ကို ကသုတ်ကရက် ပြန်ပြေးလာခဲ့တယ်။ နောင့်မှာရှိသမျှ စာအုပ်တွေရယ် .. စာအုပ်တွေရယ်.. စာအုပ်တွေရယ်.. ကြာကြာနေဖြစ်မယ် ဆိုတော့ ဖတ်ချင်တာတွေရယ် သက်ဆိုင်တာတွေရယ်.. အလုပ်နဲ့ ဆိုင်တာတွေရယ်.. အားလုံး အနှောက်အယှက်ကင်ကင်း ဖတ်ခွင့်ရတော့မယ် မဟုတ်လား။

တစ်ညနေခင်းလုံး အိမ်ရှင်းရင် ပင်ပန်းထားပြီးပြီ ဆိုတော့ စာအုပ်တွေအကုန် ချက်ချင်း မသိမ်းနိုင်မယ့်တူတူ တစ်အုပ်ယူဖတ်ရင်းနဲ့ ဧည့်ခန်းဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ် ... ညတစ်ရေးနိုးချိန်မှာ နောင်မီးပိတ်ဖို့ အခန်းကို ဖြတ်လျှောက်သွားတော့ ကြမ်းပြင်တစ်နေရာဟာ တခြားနေရာတွေနဲ့ မတူဘဲ ပူကျက်နေတယ်။ ပြဿနာပဲနော်..
ဘာဖြစ်မှန်းမသိ .. ကိုပွဲစားဆီ ဖုံးဆက်တော့ ဖုန်းမကိုင်ဘူးပဲ.. ညလယ်ကြီးမှာ နောင်ရယ် စောစောကပဲ နေရောင်ထိုးထားသလို ကွက်ပြီး ပူကျက်နေတဲ့ ကြမ်းပြင်ရယ်။ အောက်ထပ်ကပဲ မီးလောင်နေသလား .. စိတ်ပူပြီး ကမန်းကတမ်း ပြေးဆင်းကြည့်ရတယ်.. ပတ်ဝန်းကျင်က တိတ်ဆိတ်လို့ .. အောက်ထပ်အခန်းကတော့ မီးအလင်းသား.. တံခါးကို ခေါက်ရင်း စိတ်ထဲ ဇဝေဇဝါ ဖြစ်ကုန်တယ်..

ဆံပင်နက်နက် မျက်လုံးနက်နက်နဲ့ မိန်းကလေးတစ်ယောက် တံခါးလာဖွင့်ပြီး ခပ်တည်တည် ကြည့်နေတယ်.. သူ့ခွေးလေးရောပဲ..
နောင်ကပဲ စပြီး အပေါ်ထပ်ခန်းကပါ စတဲ့ အခြေအနေတွေ ပြောပြလိုက်တော့ ကောင်မလေးက စိတ်တိုဟန် မပြပါဘူး.. ချက်ချင်းပဲ သူ့ခွေးလေး ကောက်ချီပြီး နောင်နေတဲ့ အပေါ်ထပ်ကို လိုက်လာကြည့်တယ်..
သူ့အိမ်ခန်းက ဘာမှဖြစ်မနေဘဲ နောင့်ဆီမှာမှ ကြမ်းပြင်က လာပူနေရအောင် အိပ်မက်မက်နေတာမှ မဟုတ်ဘဲ..
ကောင်မလေးက ဧည့်ခန်းတစ်ဝိုက် ချာချာလည် လမ်းလျှောက်ကြည့်လိုက် ပူတဲ့နေရာမှ ခဏရပ်ကြည့်လိုက်နဲ့ .. နောင့်ကို ပြန်ကြည့်နေတယ်.. အုတ်ကနေ မီးမှ ထမလောင်တတ်ဘဲ.. ဘာကြောင့်အုတ်က ပူနေပါလိမ့်.. သြော်.. ခုနက သူ့အခန်းထဲက မျက်နှာကျက်မီး..

နောင် ခုမှ စဉ်းစားမိတယ်.. တိုက်အဟောင်းထဲက မီးဆိုင်းအဟောင်းကြီးကို ကောင်မလေး အကြာကြီး ဖွင့်ထားမိပုံရတယ်.. မီးဆိုင်းနောက်ခံ သံပြားကနေ အပေါ်ကအုတ်ကို အပူပေးသလို ဖြစ်နေမှာပေါ့ .. ကောင်မလေးကို “မီးဖွင့်ထားတာ ကြာနေပြီလား” မေးတော့ “ကြောက်တတ်လို့ မီးကြီးကို ဖွင့်ထားနေကျပါ” လို့ ပြောလာတယ်..
နောင်လည်း အထိတ်တလန့်နဲ့ သွားနှောက်ယှက်မိတာကို အားနာသွားတယ်။ ကောင်မလေးက “မီးပိတ်လိုက်ပါ့မယ်” တဲ့.. သူ့ခွေးလေး သူပွေ့ပြီး အသာလေး ပြန်ဆင်းသွားတယ်။

နောက်နေ့တွေမှာ နောင် အလုပ်က ပြန်လာတော့ ကောင်မလေးက ပြတင်းပေါက်နားမှာ စာဖတ်နေတယ်..
ညဦးပိုင်းမှာ နောင့်ကြမ်းပြင်လေး တဖြည်းဖြည်း နွေးလာတာကို သတိပြုမိတယ်.. သန်းခေါင်မတိုင်ခင် အနွေးဓာတ် လျော့သွားရင် သူမမီးပိတ် အိပ်သွားပြီလို့ နောင် နားလည်လိုက်တယ်.. သန်းခေါင်ကျော်ထိ စာရေးစာဖတ်လုပ်တတ်တဲ့ နောင်က ခြေသံဖွဖွနင်းရင် စာအုပ်တွေ ကြမ်းပြင်ပေါ် ဝုန်းဝုန်းဒိုင်းဒိုင်း ပြုတ်မကျအောင် ဂရုပြုရင်းပဲ သူမကို အသိအမှတ်ပြုခဲ့ပါတယ်..

နံနက်ခင်း နောင်အိပ်ပျော်နေတုန်းမှာ သူမခွေးကလေးနဲ့ လမ်းလျှောက်ထွက်လိမ့်မယ်.. နောင့်စိတ်ထဲ ထင်ရုံကလွဲလို့ ပိုမစူးစမ်းခဲ့မိဘူး.. နောင့်ကို မြင်စကတောင် လူစိမ်းအမှတ်နဲ့ မဟောင်တတ်တဲ့ ခွေးလေးမို့ အောက်ထပ်က ခွေးသံလူသံ သိပ်မကြားရတာ ထူးဆန်းတယ်လို့ မထင်မိပါဘူး..

နောင် အိပ်အသစ်နဲ့ အသားကျပြီး မကြာခင်မှာ စိတ်ကောက်နေတဲ့ နောင့်ချစ်သူ ပြန်ပေါ်လာတယ်.. တစ်ညနေမှာ နောင့်အိမ်ကို လာလည်တယ်.. ချစ်သူကို ကားဂိတ်ဆီပြန်လိုက်ပို့ဖို့ ဆင်းလာတော့ ကောင်မလေးက နောင်တို့ကို ပြတင်းပေါက်ကနေ လှမ်းရယ်ပြတယ်.. သူမမှာ သွားတက်မရှိ.. ပါးချိုင့်မရှိဘူး.. ချစ်သူကတော့ ကောင်မလေး တစ်ယောက်ထဲလား ဆိုပြီး အမြင်မကြည်ပါဘူး..

ဒီလိုနဲ့ ချစ်သူလာလည်တဲ့ အခါတိုင်းမှာ အတက်ဆို ခြေဖွဖွနင်းလာတတ်ပေမယ့်.. ချစ်သူပြန်သွားတဲ့ အခါတွေမှာတော့ လှေကားကိုနင်းတဲ့ ဒေါက်ဖိနပ်သံဟာ လိုတာထက်များ ပိုကျယ်နေသလားလို့ နောင် တွေးတွေးတတ်လာတယ်.. လှေကားက ခြေသံပြင်းပြင်းတွေကို မသိကျိုးကျွံပြုနေရမယ့် ကောင်မလေးလည်းကို နောင်အားနာသွားတယ်..
နောင့် ဧည့်ခန်းကြမ်းပြင်လေးကတော့ အချိန်မှန်မှန် နွေးလာဆဲပါပဲ.. ဧည့်ခန်းက ခုံတချို့ကို နေရာနည်းနည်း ပြောင်းထားလိုက်တယ်.. ညတွေမှာ ဖိနပ်မစီးဘဲ ကြမ်းပြင်နွေးနွေးလေးပေါ်ကို ခြေချပြီး စာထိုင်ဖတ်ရတာကို နောင်အကျင့်ပါလာတယ်..

မှတ်မှတ်ရရ ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့ ဆောင်းဦးညသန်းခေါင်မှာ ကြမ်းပြင်လေးဟာ ခါတိုင်းညခင်းတွေထက် အချိန်ပိုပိုကြာကြာလေး ပူနွေးနေခဲ့တယ်.. ကောင်မလေး ဘာတွေများ အလုပ်ရှုပ်နေသလဲ.. မီးဖွင့်ပြီးတော့များ အိပ်ပျော်သွားပြီလား..အရေးကြီးတာမဟုတ်မှန်း သိပေမယ့် မီးပိတ်ဖို့ သွားသတိပေးလိုက်ရင် ကောင်းမလား.. တကယ်ဆို ကောင်မလေးရဲ့ ဧည့်ခန်းကမီးဆိုင်းကြောင့်သာမဟုတ်ရင် သူမကို မြင်ဖူးဖို့တောင် သိပ်မလွယ်ဘူးထင်တယ်.. ခပ်တည်တည် သီးသန့်နေတတ်တဲ့ ကောင်မလေးကို နောင် စကားသွားစဖို့ ရှိန်နေတယ်.. နောင့်ခေါင်းထဲ ဘာရယ်မဟုတ်တဲ့ အတွေးတွေ ပြည့်ကျပ်ပြီး အိပ်ပျော်သွားလိုက်တာ သန်းခေါင်ကျော်မှာ ပြန်နိုးလာတော့ ကြမ်းပြင်ဟာ အနွေးလျော့စ ပြုနေပြီ..
စိတ်ထင်တာများလား.. သေချာအောင် အောက်ထပ်ဆင်းကြည့်တော့ ကောင်မလေးအခန်းက မီးပိတ်နေပါပြီ။

နောက်ရက်မှာ အိပ်ယာထ နောက်ကျသွားတော့ အလုပ်အစည်းအဝေးမီအောင် ကပျာကယာ ပြေးရတယ်.. ပြီးတော့ အရေးပေါ် အချိန်ပိုဇယားဆွဲပြီး အလုပ်မှာ နှစ်ရက်ဆက်ပြီး နေလိုက်ရတယ်.. အလုပ်ပြီးတဲ့ နေ့ခင်းမှ အိမ်ပြန်ဖြစ်တာမို့ အရင်ညနေတွေလိုတော့ ကောင်မလေးပြတင်းပေါက်မှာ စာဖတ်နေတာကို မတွေ့ရဘူး.. ဝယ်လာတဲ့ စားစရာတွေကို စားသောက်ပြီးတော့ အချိန်တန်ရင် နွေးလာမယ့် ကြမ်းပြင်ပေါ် စာဖတ်ရင်း ထိုင်စောင့်ရင်း နောင်အိပ်ပျော်သွားခဲ့တယ်.. သန်းခေါင်ကျော်မှပဲ ပြန်နိုးလာပြန်တယ်.. ကောင်မလေး စောစောစီးစီး မီးပိတ်သွားပုံပဲ.. နောင်လည်း အအေးတောင် မိသွားပြီ..

နောက်ထပ်တစ်ရက်... အလုပ်က ပြန်လာတော့ ပြတင်းပေါက်ဆီက အမျိုးသမီးတစ်ယောက်ကို တွေ့တယ်.. ကောင်မလေးရဲ့ ဧည့်သည်များလား.. အခန်းထဲ ထိုင်နေရင်း ညဦးပိုင်းကျော်လာတဲ့အထိ နွေးနေကျ ကြမ်းပြင်လေး နွေးမလာသေးပါလား.. ဧည့်သည်နဲ့ အပြင်ထွက်သွားလို့လား.. ခရီးသွားဟန်လွဲ လမ်းဆင်းလျှောက်ရင် လမ်းမှာဆုံမလား.. အကြံနဲ့ အောက်ထပ်ဆင်းလာတော့ အခန်းမီးက လင်းနေတာမြင်တယ်.. ဒီလိုဆို ပြန်ရောက်နေတာ မကြာသေးဘူးထင်ရတယ်.. ဒါပေမယ့် ဘာကြောင့်မှန်းမသိပဲ အူကြောင်ကြောင် စကားပြောရင် တစ်မျိုးထင်မှာပေါ့.. အိမ်ပေါ်ပြန်တက် စောစောအိပ်ပြီး နံနက်စောစောထမယ် ဆိုရင်တော့ ကောင်မလေးနဲ့ သူ့ခွေးလေး လမ်းလျှောက်ထွက်တာနဲ့ တိုးမှာပဲ..
တကယ်တမ်းမှာတော့ ခွေးလေးကိုတောင် ဘာခွေးမှန်း နောင်သိပ်မမှတ်မိချင်ဘူး။

အကြံနဲ့ စောစောထပြီး အောက်ထပ်ဆင်းလာတော့ မနေ့ညနေက မြင်တဲ့ အမျိုးသမီးနဲ့ အဒေါ်ကြီးတစ်ယောက် တံခါးကထွက်တာနဲ့ကြုံနေတယ်.. နောင်က နှုတ်ဆက်လိုက်တယ်.. “အလည်လာကြတာလား”.. အရောင်တစ်မျိုးဖြစ်သွားတဲ့ မျက်နှာနဲ့ “မင်းက အပေါ်ထပ်မှာ နေတာထင်တယ်” လို့ အမျိုးသမီးက ပြန်မေးတယ်.. အလည် ဆိုတဲ့ စကားလုံးမှာ အမှားများ ပါသွားလို့လား.. “အစ်မတို့ ပြောင်းလာတာ ရက်ပိုင်းပဲ ရှိသေးတယ်.. မင်းကိုတော့ ခုမှပဲတွေ့ရတာကိုး.. ဝမ်းသာပါတယ်”.. သူတို့က သားအမိ နှစ်ယောက်ထဲ ဆိုပဲ.. စကားစမြည်ပြော နှုတ်ဆက်ပြီး လမ်းပေါ်မှာ တစ်ယောက်ထဲ လျှောက်နေမိတယ်.. ဆောင်းဦးနံနက်ခင်းဟာ နိုးထနေကျ မဟုတ်ခဲ့ရင် တော်တော် အူကြောင်ကြောင်နိုင်တာပဲ..

အလုပ်ကခွင့်ယူပြီး မြို့ထဲဘက်သွားတော့ ပွဲစားအစ်ကိုနဲ့ လမ်းမှာတွေ့တယ်.. သူ့နှုတ်ဆက်ရင်း အောက်ထပ်မှာနေတဲ့ ကောင်မလေးအကြောင်းမေးတော့ သူလည်းမသိပါဘူး တဲ့ .. အစက အပေါ်ထပ်ကို မကြိုက်ရင် အောက်ထပ်ကိုပြဖို့ သော့ရှိနေပေမယ့် အပေါ်ထပ်ကို အရင်ပြမိပြီး နောင်က သဘောကျသွားလို့ ဆိုပဲ.. ဒါဆို အဲ့ဒီရက်ပိုင်းအတွင်း ကိုပွဲစားက နောင် အပေါ်ထပ်ငှားမယ်ဆိုတော့ အောက်ထပ်သော့ကိုပြန်အပ်.. အိမ်ငှားစာချုပ်လုပ်.. ဒီအတွင်း ကောင်မလေးက ရောက်လာခဲ့တာလား.. ဘယ်ကမှန်းမသိ.. ဘယ်ရောက်သွားမှန်းမသိ.. နောင့်ခေါင်းထဲ တော်တော်ရှုပ်သွားပြီ.. “ဘာအနှောင့်အယှက်များ ရှိလို့လဲ ညီရ” .. သူ့ကို ရှည်ရှည်ဝေးဝေးရှင်းပြလည်း မထူးမယ့်တူတူ “ဖြတ်သွားဖြတ်လာ မြင်ဖူးထားတော့ သိချင်ရုံသက်သက်ပါ” လို့ပဲ စကားပြန်လျှောချပြီး ထွက်လာခဲ့တယ်။

နောက်နေ့နောက်နေ့တွေရဲ့ ညနေခင်းတွေမှာ အောက်ထပ်က မီးဖွင့်ထားမှန်း သိနေပေမယ့် ကြမ်းပြင်ဟာ နွေးမလာတော့ဘူး.. လူသစ်တွေ မီးဆိုင်းအဟောင်းကို အသစ်လဲလိုက်ပြီနဲ့တူတယ်.. ဧည့်ခန်းထဲက ဆိုဖာကို အရင်နေရာ ပြန်ထားလိုက်တယ်.. တခါတလေ အမှတ်တမဲ့ ဧည့်ခန်းကို ဖြတ်လျှောက်မိတိုင်း နွေးတဲ့ ကြမ်းပြင်ကို သတိရမိပါတယ်.. အခုဆို အိမ်နေစီးဖိနပ်ဝတ်တတ်တာ အကျင့်ပါသွားပြီ.. တခါတလေမှာလည်း တမင်တကာကို ဖိနပ်ချွတ်ပြီး ကြမ်းပြင်ပူနေသေးလားလို့ စပ်စုမိတယ်.. အုတ်ခင်းကြမ်းပြင်ကြီးက အေးစက်မာကျောလျက်ပါပဲ..

အလုပ်အပြောင်းအလဲတွေ ရှိလာသလို နှစ်ထပ်အိမ်အိုရဲ့ အပေါ်ထပ်မှာ နောင်မနေဖြစ်တော့တာ ကြာခဲ့ပြီ.. အိမ်သစ်ပြောင်းဖြစ်တိုင်း ပတ်ဝန်းကျင်ကလူတွေကို နောင်မိတ်ဖွဲ့စူးစမ်းတတ်လာတယ်.. ဒါပေမယ့် ခွေးအနက်ပိုင်ရှင်ကောင်မလေးကို နောက်ထပ်တွေ့ဖို့ မကြုံကြိုက်လာတော့ဘူး.. ပြီးတော့ ဘယ်အုတ်ခင်းကြမ်းပြင်ကိုမှ နွေးသလား အေးသလားဆိုတာ နောင်သိဖို့ မကြိုးစားတော့ဘူး။

-- ရွှန်းမီ --
.. ဘာသာပြန် မဟုတ်ကြောင်း ဝန်ခံပါသည်။ ..

24 comments:

khin oo may said...

သိတ်ကောင်းတယ်။
ကိုယ်တိုင်ရေးတာဟုတ်. :D
တစ်ခုဘဲ ပထမ က နောင့်ကို မိန်းကလေးထင်နေမိတယ။်

khin oo may said...

ဝတ္တုတိုတွေ ဖတ်ရမှာပျင်းနေတဲ့ကိုယ့်ကိုတောင် ဖတ်စေချင်တဲ့ အဖွဲ့အနွဲ့တစ်ခုပါဘဲ

khin oo may said...

ဟီးဟီး သူက အရှည်ကြီးရေးထားတယ်ဆိုတာကို.........

khin oo may said...
This post has been removed by a blog administrator.
ရွှန်းမီ said...

မခင်ဦးမေ.. ဝတ္ထုတိုအရှည်ကြီးကို ကော်မန့်တိုအများကြီး လာပေးသွားတယ်ပေါ့လေ.. တကယ်ဖတ်သွားတာလား =)

မွန် said...

မီ.. သိပ်ကောင်းတာပဲ
ရင်ထဲမှာတမျိုးလေးကျန်ခဲ့တယ်
တခုခုကိုလွမ်းသလိုပဲ.. စာအရှည်ကြီးတွေဖတ်ချင်သေးတယ်ကွယ်

သိင်္ဂါကျော် said...

ကောင်မလေး ဘယ်ရောက်သွားလဲ သိချင်တယ်...
ဖတ်လို့ကောင်းတဲ့ အရေးအသားလေးပါပဲ...

ဒီဇင်ဘာနှင်း said...

ဘာဖြစ်မလဲဆိုပြီးဖတ်လိုက်တာ ကောင်မလေးက ဘယ်ရောက်သွားလဲဟင် စာရေးအရမ်းကောင်းတာပဲ အားပေးနေတယ်နော်

ဝေလေး said...

ဝိဥာဉ်များလား??

စာအရှည်ကြီးကို ဖြည်းဖြည်းလေးဖတ်သွားပါတယ် မမမီ။ ကွန်မန့်တိုတိုလေးကိုလည်း ဖြည်းဖြည်းပဲရေးပါတယ်.. :)

Younggun said...

ဖတ်ရင်း ဖတ်ရင်း .. အဆုံးသတ်မှာ အစွဲအလန်းကို တွေ့လိုက်ရတယ် ကြည်နူးစရာလည်း ကောင်းနိုင်သလို ကြောက်မက်ဖွယ်လည်း ဖြစ်လာနိုင်တဲ့ အစွဲအလန်း..ပါပဲ။ ဒါပေမယ့် ဇာတ်လိုက်ဟာ အစွဲအလန်းကို အသာတကြည် မေ့လျော့ပစ်နိုင်တာကိုတွေ့ရမှ ကိုယ်လဲ သက်ပြင်းချမိတယ်။ နောင်လဲ အဲလို ဆိုက်ကိုဘက်ယိမ်းတဲ့ အရေးမျိုး ..အဆင်ပြေရင် ရေးပါဦး။

Younggun said...

ဖတ်ရင်း ဖတ်ရင်း .. အဆုံးသတ်မှာ အစွဲအလန်းကို တွေ့လိုက်ရတယ် ကြည်နူးစရာလည်း ကောင်းနိုင်သလို ကြောက်မက်ဖွယ်လည်း ဖြစ်လာနိုင်တဲ့ အစွဲအလန်း..ပါပဲ။ ဒါပေမယ့် ဇာတ်လိုက်ဟာ အစွဲအလန်းကို အသာတကြည် မေ့လျော့ပစ်နိုင်တာကိုတွေ့ရမှ ကိုယ်လဲ သက်ပြင်းချမိတယ်။ နောင်လဲ အဲလို ဆိုက်ကိုဘက်ယိမ်းတဲ့ အရေးမျိုး ..အဆင်ပြေရင် ရေးပါဦး။

ကိုလူထွေး said...

အစအဆုံး အပိုအလိုမရှိ ... အရေးအသားရော တော်တော်လေးကောင်းတယ်...

စွဲဆောင်မှုရှိတယ်... ကိုယ်တိုင်ပါ စပ်စုချင်လာတယ်... ကောင်မလေးနဲ့ ခွေးကလေးဆိုတာ သရဲမလေး ဖြစ်မယ်ထင်တယ်...

ဖြည်းဖြည်းရေးထားတဲ့စာမို့ နှေးနှေးပဲ ဖတ်ခဲ့တာပါး)

းဝ)

Vista said...

အဲလိုမလုပ်နဲ့ နော် အိမ်အသစ်ပြောင်းမို့ ဟာကို ဟင့်
ဖတ်လို့ အရမ်းကောင်းပါတယ် အလွန်တော်

eiei said...
This post has been removed by the author.
မီယာ said...

ရွှန်းမီ ညီမလေးရေ ဆက်ရေးဦးမှာလား... စိတ်ဝင်စားဖို့ကောင်းတယ်... ဆောင်းတွင်းညမှာ ဖတ်ရတာ တမျိုးလေး ခံစားရတယ်

Anonymous said...

တယောက်တည်းနေရတာ ကြောက်ပါတယ်ဆိုမှ သူကလည်း၊ စိတ်ဝင်စားစရာကောင်းတယ်....

ThuHninSee said...

း) သရဲမလေးများလား..။ ဘာဖြစ်ဖြစ် ဖတ်လို့ကောင်းတယ်..

ရွှန်းမီ said...

မွန်.. တခါတလေမှ ရေးဖြစ်တယ် မွန်ရာ.. အချိန်တွေသိပ်ပေးရလို့ပါ..

မသိင်္ဂါကျော်.. မနှင်းလေး.. ဝေလေး.. မသုနှင်းဆီ..
ရေးတဲ့သူကိုယ်တိုင်လည်း သိချင်နေပါတယ် =)
ကောင်မလေးကို ကောင်မလေးလို့ပဲ နောင်ကမှတ်ထားပုံရတယ်..

ကိုရန်းဂန်း.. ကိုလူထွေး.. သေချာဖတ်ပြီး ဝေဖန်ပေးသွားတာ အထူးကျေးဇူးတင်ပါတယ်.. ကြိုးစားပါဦးမယ် =)

Vista.. အိမ်အသစ်မှာ မီးကလည်းအသစ်ဆို စိုးရိမ်စရာမရှိလောက်ပါဘူးလေ =)

မမီယာ.. ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး ပျော်ရွှင်ပါစေ =)

Anonymous.. မကြောက်ပါနဲ့လေ.. တခါတလေမှ ဆုံတတ်တာပါ..
လူဆိုရင် သရဲလောက် ကြောက်စရာမကောင်းဘူးထင်လို့လား =)

သီဟသစ် said...

ရွှန်းမီရေ

ဇာတ်လမ်းလေးက စိတ်ဝင်စားစရာ ..
ဆက်ရန်မျှော်နေမယ်

ခင်မင်စွာဖြင့်
သီဟသစ်

ရွှန်းမီ said...

အဲ.. ကိုသီဟသစ် နဲ့ မမီယာ ..
ဇာတ်လမ်းက ပြီးနေပြီလေ..
ဝတ္ထုတိုပါဆိုမှ နော် . . .

ဆက်ရန် တွေ ဆက်တွေးမိရင်လည်း ဆက်ပြီးတော့ ရေးပေးသွားကြပါ =)

မိုးမောင် said...

တော်တော်လေးကောင်းတယ်။ ဒီလိုမျိုးလေးတွေ ထပ်ဖတ်ချင်သေးတယ်ဗျို့။

ရွှန်းမီ said...

ကိုမိုးမောင်.. =) ဘယ်ကမျက်စိလည်ပြီး ရောက်လာပါလိမ့်..
တကူးတက အလည်လာတာ ကျေးဇူးတင်ပါတယ်..
စာတွေအများကြီးရေးနိုင်ဖို့ ကြိုးစားနေဆဲပါ..

TGRmg said...

တစ်ယောက်တည်းဘက်က စိတ်နဲ့ ဇတ်လမ်းတစ်ခုလုံးကို ဆွဲပြီး ရေးသွားတာလေး ကြိုက်တယ်။ ကောင်မလေးကိုတော့ နောက် ပြန်ကြုံလာရင် သတိပေးလိုက်ပါအုံး။ ပျဉ်ထောင်အိမ်တွေမှာ အဲလို လုပ်ရင်တော့ မီးလောင်လိမ့်မယ်လို့ :P

ရွှန်းမီ said...

ကိုမင်းကျန်ရေ.. သတိပေးတာကျေးဇူး =)
ဟုတ်တယ်.. သစ်သားခင်းဆိုရင် အဲ့ဒါကြောင့် မီးလောင်လွယ်တာ.. အုတ်ခင်းမို့တော်သေးတာ..
တကယ့်အဖြစ်ကို အခြေခံထားတာ ကိုမင်းကျန်က မြင်တတ်တယ်.. =)