“စုံစီနဖာ စာမျက်နှာ” ဆိုတာ မရွှန်းမီ သိမ်းဆည်းမျှဝေချင်တဲ့ အကြောင်းအရာများကို မှတ်မှတ်သားသား စိုက်ပျိုးခင်းကျင်းထားရာ လွင်ပြင်ကျယ်တစ်ခုပါ။

Monday, July 6, 2009

နတ်သမီးပုံပြင်

(.") .. နတ်သမီး ပေါက်စလေး တစ်ပါးဟာ သန်းခေါင်ယံမှာ ကြယ်တွေကို ထိုင်ရေနေတာ တဲ့.. 

.. (",) ဘယ်လို

(.") .. ဟိုး အဝေးကြီးက တစ်နေရာရာမှာ .. 

.. (",) ပုံပြင်လာပြောနေတာလား 

(.") .. ဟုတ်တယ် 

-- -

စာခြောက်ရုပ်လေးဟာ အစပိုင်းမှာ လေထဲက မသဲမကွဲ တိုးတိုးဖွဖွ စကားကို နားလည်ဖို့ အတော် ကြိုးစားလိုက်ရတယ်။ စကားလာပြောတဲ့ နတ်သားရဲ့  ညင်သာတိုးတိတ်လွန်းတဲ့ အသံကြောင့် .. ပြီးတော့ သူ့ကို အရေးတယူ စကားပြောတဲ့သူလည်း မရှိခဲ့ဖူးတော့ ဘာသာစကားကို ရုတ်တရက် နားမလည်လိုက်ဘူးလေ .. နတ်သားက ပြောလိုက် .. စဉ်းစားလိုက် .. ပြန်မေးလိုက် နဲ့ .. တော်တော်ကို ရွာလည်နေကြတယ်.. စာခြောက်ရုပ် ပြန်ပြောတာကို နတ်သားက နားလည်နိုင်စွမ်းရှိလို့ တော်သေးရဲ့ ။

(.") .. နတ်သမီးပုံပြင်
.. (",) ဘယ်က နတ်သမီး ပုံပြင် လဲ
(.") .. မိုးနတ်မင်းကြီးရဲ့  ဘေးမှာ ငါ ခဏ ထိုင်ရတုန်းက ငါအားလုံးကို မြင်ရတယ်.. အဲ့ဒီတုန်းက တွေ့ခဲ့တဲ့ နတ်သမီးလေး အကြောင်းပေါ့

လူစကားကိုတောင် သေချာနားမလည်တဲ့ စာခြောက်ရုပ်ကို နတ်သားကတော့ ပုံပြင်ပြောဖို့ ကြိုးစားနေဆဲ။
စာခြောက်ရုပ်က နားမလည်တဲ့ တစ်လုံးချင်းကို ရှင်းပြရင်း ဖြည်းဖြည်းချင်း ပြောနေခဲ့ရလို့ .. သူတို့နှစ်ယောက် စကားပြောခန်းဟာ ရှိဖူးသမျှ ရုပ်ရှင်တွေထဲက စကားပြောခန်းထက် အများကြီးပိုနှေးနေတယ် တဲ့.. ဒါပေမယ့် စာခြောက်ရုပ် မှတ်ဥာဏ်ထဲမှာတော့ ပုံပြင်ကို တိုတိုလေးပဲ သိမ်းမိသွားတယ်။

(.") .. နတ်သမီး ပေါက်စလေးက သန်းခေါင်ယံမှာ ကြယ်တွေ ထိုင်ရေနေတာ ..
.. (",) ကြယ်တွေက အများကြီး ဆိုတော့ အကြာကြီး ရေနေရမှာပဲ
(.") .. ဟုတ်တယ်
ကြွေသွားတဲ့ကြယ်ကိုလည်းနှုတ်ရသေးတယ်
သင်္ချာက ကောင်းကောင်းမသင်ရသေးတော့ ခေါင်းခြောက်နေရှာတယ်
လက်ကလည်း ၁၀ ချောင်းပဲဆိုတော့ ဆိုးတာပေါ့ ..

.. (",) အဲ့ဒီတော့?
(.") .. ခု ကုလားနတ်ဘုရားမဆီက လက်သွားငှားနေတယ် မြန်အောင်လို့တဲ့
.. (",) ဂဏန်းပေါင်းစက် ပေးလိုက်ရင် ပြီးရော.. ဘာလို့ မပေးတာလဲ
(စာခြောက်ရုပ်က ဂဏန်းပေါင်းစက်အကြောင်းကိုတော့ ဘယ်ကဘယ်လို ကြားဖူးတယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူး..)
(.") .. ဂဏန်းပေါင်းစက်ရရင် ကြယ်တွေမရေပဲ ကစားနေမှာပေါ့
အင်း.. လိုက်ရှာရင်း အခု ကုလားနတ်ဘုရားမကိုတွေ့ပြီ
နတ်ဘုရားမကလည်း မအားဘူး
အလှူတွေလိုက်ကနေရတာ သနားပါတယ်
ချက်ကလည်းလှုပ်ရသေး
ခြေကလည်းလှုပ်ရသေး
ခေါင်းကလည်း ငဲ့လှုပ် ငဲ့လှုပ် နဲ့ အိုက်တင်လုပ်ရသေးတာကိုး
တော်သေး လက် အများကြီးရှိလို့ ဆာရီမကျွတ်တာတဲ့

-- -
ရုတ်တရက် စာခြောက်ရုပ်က အားပါးတရ အော်ရယ်လိုက်တယ်.. ရယ်နေကျ မဟုတ်တော့ ခြောက်အက်အက်အသံကြီး ဟိန်းထွက်လာရော.. အဲ့ဒီမှာ လယ်ကွင်းစပ် ကန်သင်းရိုးပေါ်မှာ ပေါက်နေတဲ့ သစ်ပင်ပေါ်က ငှက်တချို့  အိပ်ရေးပျက်တယ် လို့ ထ ပြောကြတယ်။
ငှက်တွေ အော်နေသံကို နားစွန်နားဖျား ကြားသွားတဲ့ နတ်သားဟာ နံနက်လင်းခါနီးပြီလို့ ထင်ပြီး နတ်ပြည်ကို ပြန်ပြေးသွားတယ်။
ပုံပြင်ကို နောက်တစ်ညမှ ဆက်မယ်လို့ ကမန်းကတမ်းတော့ ပြောသွားဖော်ရခဲ့သေးသတဲ့ ..
နောက်တစ်ည ဆိုတာ မနက်ဖန် ညလား သန်ဘက်ခါ ညလား .. လူ့ပြည်က ညလား နတ်ပြည်က နောက်တစ်ညလား .. .. ဘာရဲ့ညနဲ့ ညမယ့် ညကို ပြောတာလဲ? .. ဘာမှ ရေရေရာရာ မမေးလိုက်ရဘူး။
ပုံပြင်လာပြောတဲ့ နတ်သားက အဆိုင်းမန့်နဲ့ ဆင်းလာတာလား၊ ရီဆတ်ခ်ျ လာလုပ်တာလား၊ သူငယ်ချင်းလာဖွဲ့တာလား၊ မဲလာဆွယ်တာလား .. နတ်ပြည်ကို ငြီးငွေ့ လို့လား .. . ပုံပြင်ပြီးမှ မေးကြည့်ဦးမယ် လို့ စိတ်ကူးထားတော့ မမေးလိုက်ရဘူး . .

ဒီလိုနဲ့ "နတ်သမီးလေးကို တကယ်တွေ့မှ ကိုယ်တိုင်မေးကြည့်မယ်" လို့ မဖြစ်နိုင်တာတွေ စိတ်ကူးမယဉ်တတ်တဲ့ စာခြောက်ရုပ်လေး မတွေးနေတော့ဘူး ..
ပုံပြင်အဆုံးမှာ နတ်သမီးလေးဟာ ကြယ်ကိုရေတွက်လို့ ပြီး မပြီး .. ကြယ်တွေရေဖို့ လက်အပိုတွေ ရ မရ.. စတာတွေဟာ စာခြောက်ရုပ်အတွက် အရေးမကြီးပေမယ့် . . . ကြယ်မြင်ရတဲ့ ညတွေ ရောက်လာတိုင်း တစ်နေရာရာမှာ ကြယ်တွေရေတွက်ခဲ့တဲ့ နတ်သမီးလေး ရှိခဲ့တဲ့အကြောင်း .. လက်တွေအများကြီး ရှိရက်နဲ့ ကြယ်ရေတွက်ဖို့ မအားရှာတဲ့ နတ်ဖုရားမ အကြောင်း .. တွေးမိပြီး ပြုံးနေတတ်တယ်..
တကယ်တမ်းမှာတော့ အဲ့ဒီအကြောင်းတွေ လာပြောသွားတဲ့ မထင်မရှား နတ်သားသူငယ်ချင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ သတိရနေတာပေါ့။ ပြီးတော့ ဒီတစ်ခါ ပြောစကား နားမလည်လို့ ပုံပြင်တ၀က်နဲ့ ရပ်သွားရတာမျိုး မဖြစ်အောင် ဖြတ်သွားဖြတ်လာ ခရီးသွားတွေ ပြောသမျှစကားကို လိုက်နားထောင်နေတတ်တယ်။

စာခြောက်ရုပ်လေးဟာ သူ့နေရာမှာသူ ရပ်နေတာပါပဲ။
ပြန်ရောက်မလာတဲ့ နတ်သားဟာ လိပ်စာ မမှတ်မိတော့တာလား.. နတ်သမီးလေး အရွယ်ရောက်လာလို့ လိုက်ချောင်းမှုနဲ့ တရားစွဲခံနေရတာလား မသိပေမယ့် .. စာခြောက်ရုပ်ကတော့ လူတွေပြောစကား မှန်သမျှကို နားထောင်ကြည့်နေဆဲ။
စကားလုံးရောင်စုံကြားမှာ သူ့ဘ၀ဟာ အရင်လောက်ပျင်းစရာမကောင်းမှန်းကိုတော့ သူ့ဘာသာသူ သတိထားမိချင်မှထားမိမယ်။ 

တကယ်လို့များ ကြုံကြိုက်လို့ လူတွေပြောသမျှ စပ်စုဖို့ကြိုးစားနေတဲ့ စာခြောက်ရုပ်လေးကို မြင်ခဲ့ရင် စိတ်ကူးယဉ်တတ်တဲ့သူ တစ်ယောက်ယောက်ကတော့ တစ်ခုခုပြောသွားဦးမယ်ထင်ပါတယ်။
-- -

:)
ခေါင်းစဉ်ကြည့်ပြီး နတ်သမီးတွေက သူတို့အကြောင်းပြောတယ်ထင်ပြီး ရောက်ရောက်လာကြလို့ အိပ်မက်တောင် မဆံ့ဘူး ဖြစ်သွားတယ်..
နတ်သမီးပုံပြင် နားထောင်ခဲ့ဖူးတဲ့ စာခြောက်ရုပ်လေးက ဇာတ်လိုက်မလုပ်ချင်ဘူး ဆိုလို့ သူကြားခဲ့တဲ့ ပုံပြင်ကိုပဲ ခေါင်းစဉ်အဖြစ် သုံးလိုက်ရတာပါ။

12 comments:

မွန် said...

ဟင် ....
ခေါ်တာလားလို့
:D

khin oo may said...

နားထောင်ပါ. မခံစားပါနဲ့လို့ပြောခဲ့မယ်

myo said...

စာခြောက်ရုပ်က accountant ဆိုတော့ ဂဏန်းပေါင်စက်အကြောင်း သိတယ်လေ..

mgngal said...

စာခြောက်ရုပ်တွေ့ ရင် တိတ်တိတ်လေး ဖြတ်သွားမှ ။ တော်ကြာလိုက်နားထောင်နေဦးမယ် ။ :P

heartmuseum said...

ပုံပြင်လာနားထောင်တယ် ...........

Phyo Maw said...

နတ်သမီးပုံပြင်ဖတ်ရင်း အာဇာနည်ဆိုခဲ့တဲ့ နတ်သမီးပုံပြင်ဆိုတဲ့ သီချင်းကို ပြန်သတိရမိတယ်။
ခုလည်း နတ်သမီးကို ပြန်သတိရမိသွားသလိုလိုပဲ...။

Mhu Darye said...

ရွှန်းမီ.. ရောက်လာ ဖတ်ဖြစ်ခဲ့တယ်း)

ဝေလေး said...

စာခြောက်ရုပ်လေးကို စကားတွေ သွားပြောပေးဦးမှ.... ကိုယ်က စကားက ခပ်များများဆိုတော့ ..... အဟီးး.... :P

ရွှန်းမီ said...

:)
ခေါင်းစဉ်ကြည့်ပြီး နတ်သမီးတွေက သူတို့အကြောင်းပြောတယ်ထင်ပြီး ရောက်ရောက်လာကြလို့ အိပ်မက်တောင် မဆံ့ဘူး ဖြစ်သွားတယ်..
နတ်သမီးပုံပြင် နားထောင်ခဲ့ဖူးတဲ့ စာခြောက်ရုပ်လေးက ဇာတ်လိုက်မလုပ်ချင်ဘူး ဆိုလို့ သူကြားခဲ့တဲ့ ပုံပြင်ကိုပဲ ခေါင်းစဉ်အဖြစ် သုံးလိုက်တာပါ။

မွန် .. မွန့်ကို အမြဲတမ်းခေါ်ပါတယ် .. =)

မခင်ဦးမေ.. စာခြောက်ရုပ်က သိပ်မခံစားပါဘူး..
သေချာဖတ်ပါ .. သိပ်မခံစားပါနဲ့ ..

မmyo .. သူလည်း ဘွဲ့ရှိမှ စာခြောက်ရုပ်လုပ်ခွင့်ရတာ ထင်တယ်နော်..

ကိုမောင်ငယ်.. စကားလုံးတွေ ကပ်စေးမနဲပါနဲ့လေ..

ကို heartmuseum...

ပုံပြင်လာနားထောင်ပြီး ဘာမှလည်း ပြန်မပြောလို့ စာခြောက်ရုပ်အစ်ကိုလား ထင်မိပါတယ် ...........

မောင်ပီအမ်.. ဟုတ်လား အဲ့ဒီသီချင်း နားမထောင်ဖူးဘူးထင်တယ်..

အစ်မမှူးဒါရီ .. ဒါဆို လမ်းလည်းလျှောက်တတ် စာလည်းဖတ်တတ်တဲ့ စာခြောက်ရုပ်လေးပဲထင်တယ်.. :P

ညီမဝေလေး .. ရေးထားတဲ့ပုံပြင်တွေ ပြန်ဖတ်ပြလိုက်ပေါ့.. စာခြောက်ရုပ် ပြုံးနေမယ်ထင်ပါတယ် ..း)

9 Jul 09, 00:08
YoungGun: တွေးချင်သလို တွေးလို့ရသွားတဲ့ နတ်သမီးပုံပြင်။ လူတောင် ယုံချင်သွားတယ်။

ကိုရန်းဂန်း..
(ယုံ၏ မယုံ၏ လို့ မရှိလည်း ပုံပြင်က ပုံပြင်မျှပါပဲ)
:)

Anonymous said...

အဲဒီ နတ်သမီးလေးက အခု အရွယ်ရောက်လို့ အင်ဂျင်နီယာကျောင်း တက်နေတာ နောက်ဆုံးနှစ်ရောက်နေပြီတဲ့။
ကုလားနတ်ဘုရားမဆီက လက်တွေ ဌားလို့မရလို့ သူ့ခမျာ ဂဏန်းတွက်စက်တွေ၊ ကွန်ပြူတာတွေ သုံးပြီး ကြယ်တွေကို ရေရသတဲ့။
အခုတော့ သူ့နာမည်ကိုတောင် လနတ်သမီး (SheMoon)လို့ပေးထားတယ်ဆိုပဲ။ ;)

Heartmuseum said...

ပုံပြင်ပြော သွားတဲ့ နတ်သမီးလေးကို လွမ်းတယ်။

ရွှန်းမီ said...

ကိုကြီးသန့်.. ကြည့်ရတာ နတ်သမီးလေးနဲ့ မောင်နှမတော်ပုံပဲ =)

ကိုကြီးဟတ်မြူစီယံ.. နတ်သမီးလေးက ပုံပြင်မပြောရပါလား ကိုကြီးဟတ်ရေ.. :P